ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင် Song Jae Ho ဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ ကိုရီးယားရုပ်သံ သရုပ်ဆောင်အဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။ သူဟာ အသက်အရွယ်ကြောင့် ၁ နှစ်ကျော်လောက် ကျန်းမာရေးမကောင်းခဲ့ရာက နိုဝင်ဘာ ၇ ရက်မှာ ကွယ်လွန်သွားခဲ့တာပါ။
ဝါရင့်သရုပ်ဆောင် Song Jae Ho ဟာ ၁၉၅၉ ခုနှစ်မှာ နောက်ခံ အသံသရုပ်ဆောင်အဖြစ် ပွဲထွက်ခဲ့ပြီး ၁၉၆၄ မှာ သရုပ်ဆောင်အဖြစ် အနုပညာခရီး စတင်ခဲ့ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံးရုပ်ရှင် “Memories of Murder”၊ “The President’s Last Bang” နဲ့ “Tidal Wave” တို့ကတော့ မဖြစ်မနေ ကြည့်ရှုရမယ့် စာရင်းဝင်တွေပါ။
သူဟာ ရုပ်ရှင်နယ်ပယ်တွင်သာမကဘဲ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း အောင်မြင်ကျော်ကြား လူသိများခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ “Neighborhood Hero”၊ “I Miss You”၊ “The Chaser”၊ “Miss Ripley”၊ “Sign” နဲ့ “My Love, My Family” တို့ကလည်း လူကြိုက်များခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်၊ ၁၈ ကြိမ်မြောက် Baeksang Arts Award ဆုပေးပွဲမှာ “The New Bride” ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့ပါတယ်။
၁၉၃၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှာ မွေးဖွားခဲ့တဲ့ ဝါရင့်သရုပ်ဆောင် Song Jae Ho ဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်လာဖို့ အိပ်မက်ရှိခဲ့ပြီး၊ ဘူဆန်မှာရှိတဲ့ Dong A တက္ကသိုလ်မှာ ကိုရီးယားမေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ “Student Pub” ရုပ်ရှင်နဲ့ သရုပ်ဆောင်ဖြစ်လာခဲ့ပြီး၊ “Yeongja’s Heydays” မှာတော့ အဓိက ဇာတ်ဆောင်အဖြစ် ရိုက်ကူးခွင့်ခဲ့ရပါတယ်။ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဖခင်နေရာက သရုပ်ဆောင်ရလေ့ ရှိတာကြောင့် “National father” လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။
သရုပ်ဆောင် Song Jae Ho ဟာ အနုပညာအလုပ်သာမက သေနတ်ပစ်လည်း ကျွမ်းကျင်ပြီး၊ နိုင်ငံတကာ သေနတ်ပစ်ဒိုင်လူကြီးအဖြစ်ပါ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၁၉၇၈ ခုနှစ်မှာ သေနစ်ပတ်စတင်လေ့ကျင့်ခဲ့ပြီး၊ ၁၉၇၉ မှာတော့ သေနတ်ပစ်သမားအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၉၈၆ အာရှဂိမ်းနဲ့ ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေမှာ သေနတ်ပစ်ပြိုင်ပွဲ ဒိုင်လူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
“သူ့ဘဝတခုလုံးမှာ အနုပညာအလုပ်ကိုပဲ နစ်ဝင်လုပ်ဆောင်ခဲ့တဲ့ စံပြသရုပ်ဆောင်တဦးပါ။ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘောထားပြည့်ဝတဲ့ ဖခင်တဦးအဖြစ် ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ သူက တကယ့်ကို စိတ်ထားနူးညံ့ပြီး နွေးထွေးတဲ့ အနုပညာရှင်တယောက်ပါ။ အမြဲအမှတ်ရသွားမယ့်သူပါ” လို့ ကိုရီးယား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ Lee Nak Yon က အမှတ်တရ ပြောကြားသွားပါတယ်။
Ref: Soompi , Korea Times
You may also like these stories:
ဒရာမာအသစ်မှာ ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ဖို့ ရှိတဲ့ ဆောင်းဟေဂို
မင်းသားကြီး ရှောင်ကွန်နရီရဲ့ နာမည်ကျော် 007 ပစ္စတိုကို လေလံပစ်မည်
ပန်ဒါပေါက်လေးတွေ ပါဝင်တဲ့ Blackpink အဖွဲ့ရဲ့ ရသစုံအစီအစဉ် ရွှေ့ဆိုင်း