Entertainment

အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး မတော်တဆ ဆုံတွေ့ခဲ့ကြတဲ့ သက်တော်စောင့် နှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ ဗီယက်နမ် အက်ရှင်ဟာသဇာတ်လမ်း “Saigon Bodyguards” ကို အခြေခံထားတဲ့ ရုပ်ရှင်တကားမှာတော့ ကမ္ဘာ့နာမည်ကျော် သရုပ်ဆောင်နှစ်ဦး ပါဝင်လာကြမှာ ဖြစ်ပါတယ်။

Deadline မီဒီယာရဲ့အဆိုအရ Marvel စတားဖြစ်တဲ့ မင်းသား Chris Pratt ဟာ “Avengers” ရုပ်ရှင်ဒါရိုက်တာ Joe ၊ Anthony Russo တို့နဲ့အတူ အခုဇာတ်ကား ပြန်လည် ရိုက်ကူးမှုမှာ ပါဝင်လာမှာ ဖြစ်ပြီး သူနဲ့အတူ တရုတ်ကိုယ်ခံပညာဆိုင်ရာ အနုပညာရှင်နဲ့ ဝံပုလွေစစ်သည်တော်မင်းသား ဝူကျင်းက ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်ညွှန်းကိုတော့ Alex Gregory နဲ့ Peter Huyck တို့က ပူးတွဲရေးသားကြမှာဖြစ်ပြီး မင်းသား Pratt ရဲ့ Indivisible Productions က Mike Larocca နဲ့ Russos ညီနောင်ရဲ့ AGBO တို့နဲ့အတူ ပူးတွဲထုတ်လုပ်ကြမှာလည်း ဖြစ်ပါတယ်။ “Wolf Warriors 2” ရုပ်ရှင်မှာ အကြံပေးအဖြစ် တာဝန်ယူခဲ့ကြတဲ့ Russos ညီနောင်က မင်းသား ဝူကျင်းနဲ့အတူ ပြန်ဆုံမှာလည်း ဖြစ်ပါတယ်။

မူရင်းရုပ်ရှင်ကိုတော့ Michael Thai က ဇာတ်ညွှန်းရေးသားပြီး Ken Ochiai က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မင်းသား Pratt ကတော့ ကပ်ရောဂါကြောင့် ရိုက်ကူးရေး အကြိမ်ကြိမ် ရပ်နားခဲ့ရတဲ့ “Jurassic World: Dominion” ရုပ်ရှင်ရိုက်ကူးရေးကို မကြာသေးခင်ကမှ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ Colin Trevorrow ကတော့ အခုလိုမျိုး ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်လာကြတဲ့ သရုပ်ဆောင်နဲ့ ဝန်ထမ်း တယောက်ချင်းစီတိုင်းကို ချီးကျူးခဲ့ပါတယ်။ သူက “စိတ်ခံစားချက်တော်တော်များများ ရှိပါတယ်။ ကျနော် စကားလုံးနဲ့ ဖော်ပြလို့ရမယ်လို့တောင် မထင်ပါဘူး။ တကယ့်ကိုပဲ မှတ်မှတ်ရရပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာက “ကျနော့် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ တကယ့်ကိုပဲ ခံနိုင်ရည်ရှိပါတယ်။ ထုတ်လုပ်သူတွေ အားလုံးဟာ အကောင်းဆုံးဖြစ်နိုင်ဖို့ အချိန်နဲ့ တပြေးညီ အလုပ်လုပ်ကြပါတယ်။ တကယ့်ကိုပဲ အားကျဖွယ်ရာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသား ဝူကျင်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “Wolf Warriors 2” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၈၇၇ သန်းရရှိခဲ့ပြီး အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်တွေထဲမှာ ဝင်ငွေအများဆုံးအဖြစ်ရပ်တည်နေပါတယ်။ အခု “Saigon Bodyguards” ရုပ်ရှင်ကိုတော့ ရိုက်ကူးမယ့် အချိန်နဲ့ ရုံတင်ပြသမယ့်အချိန်တွေကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: asiaone

You may also like these stories:

ကိုရီးယား ဝါရင့်သရုပ်ဆောင် Song Jae Ho ကွယ်လွန်

မင်းသားကြီး ရှောင်ကွန်နရီရဲ့ နာမည်ကျော် 007 ပစ္စတိုကို လေလံပစ်မည်

အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” ရုပ်ရှင်မှ မင်းသား Johnny Depp နုတ်ထွက်

Loading