မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး စတားတယောက်ဖြစ်ပြီး စွယ်စုံရ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းကိုလည်း လေးစားအားကျရကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
သူတို့ နှစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “The Great Gatsby” မှာ အတူတူ တွဲသရုပ်ဆောင်ခဲ့ကြဖူးပြီး အဲ့ဒီရုပ်ရှင်မှာ မင်းသားကြီး အမီတာက ဂျူးလူဆိုးဂိုဏ်းခေါင်းဆောင် Meyer Wolfsheim အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ မင်းသားကြီး အမီတာအတွက်ကတော့ ပထမဆုံး ဟောလိဝုဒ် ရုပ်ရှင်လည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် မပြသမီ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အသက် ၄၆ နှစ်ပြည့်ပြီဖြစ်တဲ့ မင်းသား လီယိုနာဒိုက မင်းသားကြီး အမီတာနဲ့ ပြောခဲ့ဖူးတဲ့ အိန္ဒိယရုပ်ရှင်လုပ်ငန်းအကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။
မင်းသား လီယိုနာဒိုက “သူဟာ အလုပ်အတူတူတွဲလုပ်ဖို့ တကယ့်ကိုပဲ နူးညံ့ပြီး ထူးခြားတဲ့လူတယောက်ဖြစ်ပါတယ်။ တကယ့်ကိုပဲ အရည်အချင်း ရှိပါတယ်။ရုပ်ရှင်ထဲမှာ Meyer Wolfsheim အဖြစ် သရုပ်ဆောင်ဖို့၊ ကြမ်းတမ်းမှုတွေနဲ့ ထူးခြားဆန်းကြယ်မှုကို ထုတ်ပြဖို့အတွက် သူ့ပါးစပ်ကနေ ထွက်လာတဲ့အရာရာတိုင်းဟာ တကယ့်ကိုပဲ လက်တွေ့ဆန်ပါတယ်”
“ကင်မရာရိုက်ချက် တခုချင်းစီတိုင်းကိုလည်း ကြည့်မယ်ဆိုရင် သူဟာ ပြီးပြည့်စုံတဲ့ လူကြီးလူကောင်းတယောက် ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။ တကယ့်ကို ပျော်ပျော်နေတတ်ပြီး အတူတူ တွဲလုပ်ဖို့ ထူးခြားတဲ့သူတယောက် ဖြစ်ပါတယ်။ သူဟာ ထူးခြားတဲ့ မင်းသားတယောက်ဖြစ်ပြီး သူနဲ့အလုပ်အတူတူတွဲလုပ်ရတာ ကျနော် ဂုဏ်ယူမိပါတယ်”လို့ ဆိုပါတယ်။
မင်းသား လီယိုနာဒိုက ဆက်ပြီး “ကျနော့်ဘဝမှာ အိန္ဒိယရုပ်ရှင် တော်တော်များများကို မကြည့်ခဲ့ဘူးဆိုတာ အမှန်တရား ဖြစ်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေအနေနဲ့ ဘယ်လိုတွေ စတင်ခဲ့ကြတယ်ဆိုတဲ့အကြောင်း စိတ်ဝင်စားဖို့ကောင်းတွေ ရှည်လျားထွေပြားတဲ့ ဇာတ်လမ်းတွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။ သူနဲ့အတူ အလုပ်အတူတူ တွဲလုပ်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့အရာတွေက ပြောလို့တောင်ကုန်မှာ မဟုတ်ပါဘူး”လို့လည်း ဆိုပါတယ်။
မင်းသားကြီး အမီတာကလည်း ၂၀၁၇ ခုနှစ်တုန်းကဆိုရှယ်မီဒီယာ ပို့တခုမှာ ကိန်းရုပ်ရှင်ပွဲတော်က အထူးပွဲ ပြသမှုအကြောင်း ပြောပြခဲ့ပါတယ်။
မင်းသား လီယိုနာဒိုနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို ဝေမျှရင်းနဲ့ သူက “ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ The Great Gatsby ရုပ်ရှင်အထူးပွဲကို မင်းသား လီယိုနာဒိုနဲ့အတူ တက်ရောက်ခဲ့ပြီး စင်ပေါ်တက်ခဲ့ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်တဲ့ အိန္ဒိရုပ်ရှင်အကြောင်း ဟင်ဒီဘာသာနဲ့ မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ သူဟာ တော်တော်လေးကို နှိမ့်ချပြီး ရိုကျိုးတဲ့ တွဲဖက်မင်းသား ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါရိုက်တာ Baz Lurhmann ရိုက်ကူးခဲ့တဲ့ “The Great Gatsby” ရုပ်ရှင်ဟာ ထုတ်လုပ်ကုန်ကျစရိတ် ဒေါ်လာ ၁ဝ၅ သန်းရှိခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၃၅၀ ရရှိခဲ့ပါတယ်။ အကောင်းဆုံး ထုတ်လုပ်မှု ဒီဇိုင်းဆုနဲ့ အကောင်းဆုံး ဝတ်စုံ ဒီဇိုင်းဆုတို့ကိုလည်း အော်စကာ ဆုပေးပွဲမှာ ရရှိခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” ရုပ်ရှင်မှ မင်းသား Johnny Depp နုတ်ထွက်
မင်းသားကြီး ရှောင်ကွန်နရီရဲ့ နာမည်ကျော် 007 ပစ္စတိုကို လေလံပစ်မည်
ကိုရီးယား ဝါရင့်သရုပ်ဆောင် Song Jae Ho ကွယ်လွန်