နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိကို “ကျား၊ မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု” အနေနဲ့ ဇာတ်လမ်းတိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။
“လုပ်ငန်းခွင်များ၊ အများပြည်သူဆိုင်ရာ နေရာများနှင့် ပုဂ္ဂလိကနေရာများ အပါအဝင် လူ့အသိုင်းအဝိုင်းရှိ မည်သည့်နေရာတွင်မဆို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများ ပပျောက်ရေး ဆောင်ရွက်ရာတွင် အများပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်” လို့ Care Myanmar Facebook Page မှာ ဖော်ပြထားပါတယ်။
ပြိုင်ပွဲဝင်ခေါင်းစဉ်များအနေနဲ့ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပပျောက်ရေး ၊ အများပြည်သူဆိုင်ရာ နေရာများနှင့် ပုဂ္ဂလိကနေရာများ၌ အမျိုးသမီးများအပေါ် နည်းမျိူးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက်ရေးတို့ဖြစ်ပြီး ခေါင်းစဉ်အမျိုးအစား ၂ ခုမှာ နှစ်သက်ရာ ခေါင်းစဉ် ၁ ခုကိုဖြစ်စေ၊ ၂ ခုလုံးကိုဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲဝင်မယ့် ဇာတ်လမ်းတိုကိုတော့ ကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ ပြသချိန် ၅ မိနစ်ထက် မပိုသော ခေါင်းစဉ်နဲ့ ကိုက်ညီမယ့် ဇာတ်လမ်းကို ရွေးချယ်ကာ ၂၀၂၀ ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မယ့် ဇာတ်လမ်းတိုကိုတော့ ရုပ်ရှင်ပွဲတော်များမှာ ဆုရခဲ့ဖူးသော ဇာတ်လမ်းတိုများမှ လွဲ၍ တခြား ရုပ်ရှင် ဇာတ်လမ်းတိုမဆို ပြိုင်ပွဲဝင် ခေါင်းစဉ်များနှင့် ကိုက်ညီပါက ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ဇာတ်လမ်းတို ပြိုင်ပွဲမှာတော့ ဒိုင်လူကြီးများအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့က ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
ဆုကြေးများအဖြစ် အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတိုဆုအတွက် ကျပ်သိန်း (၂၀) ၊ ခေါင်းစဉ်အလိုက် အကောင်းဆုံးဆု (၁) အတွက် ကျပ် (၁၅) သိန်း ၊ ခေါင်းစဉ်အလိုက် အကောင်းဆုံးဆု (၂) အတွက် ကျပ် (၁၅) သိန်း နဲ့ လူကြိုက်အများဆုံးဆုအတွက် ကျပ် (၁၀) သိန်း တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။
“ကျား၊ မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု”ကို ပုံသဏ္ဍာန်မျိုးစုံဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ နှစ်စဉ် ကျင်းပလာခဲ့လာတာဆိုရင် နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ “၁၆ ရက်တာလှုပ်ရှားမှု”အစီအစဉ်အတွက်တော့ အပြည်ပြည်ဆိုင်ရာ ကဲရ်အဖွဲ့ (မြန်မာ)မှ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲတခု ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
You may also like these stories:
အမီတာဘဂျမ်းနဲ့အတူ အလုပ်လုပ်ဖူးတဲ့အကြောင်း ပြောပြတဲ့ မင်းသား လီယိုနာဒို
အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း
ကိုရီးယား ဝါရင့်သရုပ်ဆောင် Song Jae Ho ကွယ်လွန်