Entertainment

ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy

အဆိုတော် Ah Boy ကတော့ ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့ ချစ်သက်တမ်း ရက်ပေါင်း ၁၅၀၀ ပြည့်အတွက် “ကျေးကျွန်” ဆိုတဲ့ သီချင်းအသစ်တပုဒ်ကို လက်ဆောင်ပေးခဲ့ပါတယ်။

ဒီသီချင်းကိုတော့ Ah Boy နဲ့အတူ အဆိုတော် Key တို့က သီဆိုထားတာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့ ၁၂ နာရီတိတိမှာ JOOX မှာ နားဆင်နိုင်အောင် တင်ပေးထားပြီ ဖြစ်ပါတယ်။

“သူမ တယောက်တည်းကို မြတ်မြတ်နိုးနိုးနဲ့ ချစ်လာခဲ့တာ ဒီနေ့မှာ ရက်ပေါင်း ၁၅၀၀ ရှိလာခဲ့ပါပြီ။ အရာရာကို နားလည်မှုတွေနဲ့ ပျော်ရွှင်စရာနေ့ရက်ပေါင်း ၁၅၀၀ ဖြစ်အောင်လည်း ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးပါ မိန်းမရေ။ ဒီလိုနေ့လေးအတွက် Anniversary Gift အနေနဲ့ သူမအတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့တဲ့ သီချင်းလေးပါ” လို့ Ah Boy က ပြောပါတယ်။

အဆိုတော် Ah Boy နဲ့ Key တို့ သီဆိုထားတဲ့ “ကျေးကျွန်” သီချင်း

သီချင်းကိုတော့ သားကြီးနဲ့ Ah Boy တို့က ရေးသားထားတာဖြစ်ပြီး သီချင်းထဲမှာတော့ အချစ်ကြောင့် ပြောင်းလဲသွားတဲ့အရာများကို ထည့်သွင်း စပ်ဆိုထားတာ ဖြစ်ပါတယ်။

Ah Boy ဟာ မကြာသေးခင် လပိုင်းကပဲ သူ့ရဲ့ Comeback သီချင်းအနေနဲ့ ချမ်းမြေ့မောင်ချိုနဲ့အတူ သီဆိုထားတဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

မြတ်ရတနာကျော်ကလည်း ခင်ပွန်းဖြစ်သူ Ah boy ရဲ့ သီချင်းကို လူမှုကွန်ရက်မှာ ပြန်လည် share ပြီး ခင်ပွန်းနဲ့အတူ ရက်ပေါင်း ၁၅၀၀ တိုင်အောင် အတူ ရှိခွင့်ရတဲ့အတွက်၊ ခင်ပွန်းနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

အဆိုတော် Ah Boy တို့ မိသားစု (ဓာတ်ပုံ – Ah Boy’s Facebook)

Ah Boy နဲ့ မြတ်ရတနာကျော်တို့မှာတော့ “Scarlett ဖြိုးထွန်း” ဆိုတဲ့ သမီးလေးတယောက်ရှိပြီး နှစ်ဦးစလုံးဟာ အနုပညာအလုပ်များ သိပ်မလုပ်ကြတော့ပေမယ့် “Our Travel Diaries” ဆိုတဲ့ Page မှာ သူတို့မိသားစုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို တင်ပေးနေတာ တွေ့ရပါတယ်။

Loading