မင်းသား Wentworth Miller ဟာ လိင်ကွဲကြိုက်ရတဲ့ ဇာတ်ကောင်တွေကို သရုပ်မဆောင်ချင်တော့တာကြောင့် “Prison Break” စီးရီးမှာ ပြန်လည် သရုပ်ဆောင်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဂေးတဦးဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် မင်းသားဟာ Michael Scofield အဖြစ် သရုပ်ဆောင်ဖို့ အခြေအနေကို တရားဝင် ပယ်ချလိုက်တာဖြစ်ပြီး Fox ကနေ ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီစီးရီးရဲ့ ဆဋ္ဌမမြောက် Season မှာ ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
သူဟာ လိင်ကွဲ ကြိုက်နှစ်သက်သူတွေ ပါဝင်တဲ့ ဇာတ်လမ်းတွေကို ထပ်ခါတလဲလဲ ရိုက်ကူးခဲ့ရတယ်လို့ ခံစားခဲ့ရပြီး သူ့ရဲ့ အနုပညာလမ်းကြောင်း အဲ့ဒီလိုမျိုး ထပ်မလုပ်ချင်တော့တာကြောင့်လို့ ဆိုပါတယ်။
သူက “ကျနော် ထွက်ပါပြီ။ Prison Break ကနေတရားဝင်ထွက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ကိန်းဂဏန်းတွေကြောင့် မဟုတ်ပါဘူး။ ကျနော်က လိင်ကွဲကြိုက်ရတဲ့ ဇာတ်ကောင်တွေကို သရုပ်မဆောင်ချင်တာ ကြောင့်ပါ။ အဲ့ဒီဇာတ်လမ်းတွေကို ထပ်ခါတလဲလဲ ပြောပြနေခဲ့ရပြီးပါပြီ။ ဒါကြောင့် နောက်ထပ် Michael အဖြစ် ပြန်လာမှာမဟုတ်တော့ပါဘူး”
“တကယ်လို့ ခင်ဗျားတို့က အဲ့ဒီအစီအစဉ်ရဲ့ ပရိသတ်ဆိုရင် နောက်ထပ် Season တွေကို မျှော်လင့်နေတယ်ဆိုရင် ဒါဟာ စိတ်ပျက်ဖွယ်ဖြစ်လိမ့်မယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ကျနော်တောင်းပန်ပါတယ်။ တကယ့် ဂေးအမျိုးသားတဦးက သရုပ်ဆောင်တဲ့ စိတ်ကူးယဉ် လိင်ကွဲကြိုက်တဲ့ အမျိုးသားတယောက်ကို သဘောကျနေတာကြောင့် ခင်ဗျားတို့ ပူလောင်နေပြီး စိတ်ပူနေရတယ်ဆိုရင်တော့ ခင်ဗျားတို့ကိစ္စပဲ ဖြစ်ပါတယ်”လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
မင်းသား Wentworth က Instagram အကောင့်မှာ ရရှိခဲ့တဲ့ မကောင်းမြင်မှတ်ချက်တွေကြောင့် အဲ့ဒီအကောင့်မှာ မှတ်ချက်ပေးခွင့် ရပ်ဆိုင်းဖို့ စီစဉ်လိုက်ရတဲ့အကြောင်း ရှင်းပြနေချိန်အတွင်းမှာ အခုလိုမျိုး ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အကောင့်မှာတော့ အကောင်းမြင်မှတ်ချက်တွေ တော်တော်များများရှိတာကိုလည်း သူမြင်တယ်လို့ ဆိုပါတယ်။
မင်းသား Wentworth ဟာ Michael အဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ပြသခဲ့တဲ့ အဲ့ဒီစီးရီးမှာ သရုပ်ဆောင်ခဲ့ပြီး Fox ကနေ အဲ့ဒီအစီအစဉ်ကို ပြန်လည် ပြသခဲ့တဲ့အခါမှာလည်း သူဟာ အဲ့ဒီဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ မင်းသားပြောဆိုခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ ထောက်ခံပြောဆိုနေကြပါတယ်။
ဟောလိဝုဒ်မှာတော့ လိင်ပြောင်းလဲခံယူထားတဲ့ ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖို့နဲ့ ပတ်သက်လို့ မင်းသမီး Scarlett Johansson နဲ့ Halle Berry တို့ဟာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ သာဓက ရှိပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ မင်းသမီးနှစ်ယောက်လုံးက သူတို့သရုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ဆိုတဲ့ လိင်ပြောင်းလဲခံယူထားသူ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ပြန်လည် ပြောဆိုခဲ့ကြပါတယ်။
Ref:asiaone
You may also like these stories:
အမီတာဘဂျမ်းနဲ့အတူ အလုပ်လုပ်ဖူးတဲ့အကြောင်း ပြောပြတဲ့ မင်းသား လီယိုနာဒို
အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း