“ကျား ၊ မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး” ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတိုပြိုင်ပွဲမှာ ဒိုင်တဦးအနေနဲ့ ပါဝင်တဲ့ သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ ၁၅ နှစ်ခန့် “နင်ပဲငဆ” ပြောဆို ဆက်ဆံကြတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျမကလေ တယောက်ကို တယောက် နင်ပဲငဆ ပြောဆိုပြီးတော့ နေကြတဲ့ ပတ်ဝန်းကျင်မှာ ၁၅ နှစ်လောက် နေခဲ့ရတာဆိုတော့ ကျမက တယောက်ကို တယောက် နှိမ့်ချတာကိုလည်း မကြိုက်ဘူး။ တယောက်ကိုတယောက် လေးစားမှု မရှိတာကိုလည်း မကြိုက်ဘူး။ ပါးစပ်နဲ့ပြောတဲ့ စကားလုံးကိုလည်း မကြိုက်ဘူး။ အမူအရာ၊ မျက်လုံးအကြည့်တွေကိုလည်း မကြိုက်ဘူး။ အဲဒါကြောင့် ဒါတွေနဲ့ ပတ်သက်တဲ့ပွဲတွေကို လုပ်ဖြစ်တာ” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
အိမ်တွင်း အကြမ်းဖက်မှုဖြစ်စေ၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုတို့မှာ ဘေးပတ်ဝန်းကျင်က ကာကွယ်တာထက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့က အရေးကြီးတာကြောင့် ကာကွယ်မယ့် အနေအထားတွေ ဖန်တီးနိုင်အောင် ဇာတ်လမ်းများအနေနဲ့ ဖန်တီးပြရတာဖြစ်တယ်လို့ ဆိုပါတယ်။
“အမျိုးသမီးတွေဖြစ်စေ၊ အမျိုးသားတွေပဲဖြစ်စေ အိမ်တွင်းအကြမ်းဖက်မှုဟာ ရှက်စရာ ကောင်းတယ်ဆိုတဲ့ အနုတ်တခုအနေနဲ့ သိအောင်လို့ ပြောပြချင်ပါတယ်။ လူဆိုတာက ကျန်တဲ့သတ္တဝါတွေနဲ့ ကွာတာက အရှက်တရားရှိတယ်။ လူလည်း ကြောက်တတ်တယ်။ ကျန်တဲ့သတ္တဝါတွေကိုလည်း ကြောက်တတ်တယ်။ နောက်ပြီးတော့ ယဉ်ကျေးမှုကို တည်ဆောက်တာက လူပဲဖြစ်တယ်။ ကျန်တဲ့သတ္တဝါတွေက ယဉ်ကျေးမှုကို မတည်ဆောက်တတ်ဘူး။ ဒါကြောင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကို ဆောင်ရန်နဲ့ရှောင်ရန်တွေကို ပြောပြတယ်လို့ ယူဆပါတယ်” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
ဒီလို အကြမ်းဖက်မှုတခုခု ကြုံတွေ့ရတဲ့အခါမျိုးမှာ ကျူးလွန်ခံရသူကို ကူညီပေးရမှာဖြစ်သလို ကျူးလွန်သူကိုလည်း ထိရောက်စွာ အပြစ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ မကာကွယ်နိုင်လို့ တခုခုဖြစ်သွားပြီဆိုရင် ပြန်လည် ထူထောင်နိုင်ဖို့အတွက် ကူညီရမှာဖြစ်တယ်။ ပတ်ဝန်းကျင်ကနေပြီး ဖယ်ကြဉ်ထားလို့ မရဘူး။ သူလည်း လူပဲဖြစ်တယ်။ ဒီလိုဖြစ်လာပြီဆိုရင် Social Platform နဲ့ Legal Platform ဆိုပြီး ၂ ခု ရှိတယ်။ Legal Platform အနေနဲ့ဆိုရင် ဥပဒေအရ အကာအကွယ် ပေးထားတယ်။ အရေးယူနိုင်တယ်”
“လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရတာပေါ့။ ကျမအနေနဲ့တော့ လူတယောက်ကို အပြစ်ပေးရတာကို မကြိုက်ဘူး။ အပြစ်တင်ရတာကို မကြိုက်ဘူး။ ကာကွယ်တာကိုပဲ အားပေးတယ်။ ကာကွယ်တဲ့နေရာမှာလည်း အခုဆိုရင် Social Platform ကနေ ကာကွယ်လို့ရနေပြီ” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
ဆက်လက်ပြီး “အရင်တုန်းကဆို ဖြစ်လို့ဖြစ်မှန်း မသိဘူး။ သတင်းအချက်အလက်တွေ တယောက်နဲ့တယောက်ကြားမှာ ဖြစ်တာဟာ မှန်သလား၊ မှားသလားလည်း ကာယကံရှင်က မသိဘူး။ ကျမတို့အနေနဲ့ ဆိုရှယ် ပလက်ဖောင်းကနေ မီဒီယာသမားတွေကနေ ဝိုင်းဝန်း ကူညီပေးရမယ်လို့ ယုံတယ်။ ဖြစ်လာမယ့်လူ မဖြစ်သေးခင်မှာ ကာကွယ်မယ်။ ဖြစ်ပြီးသွားပြီဆိုရင် ဘယ်လို အရေးယူလို့ရမလဲ။ ဘယ်လိုကူညီလို့ရမလဲဆိုတဲ့ အပိုင်း ၃ ပိုင်းကို မြင်လို့ရမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
“ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး” (၁၆) ရက်တာ လှုပ်ရှားမှုကို နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ပြုလုပ်ကျင်းပတာဖြစ်ပြီး ယခုနှစ် ၂၀၂၀ ခုနှစ်အတွက် ဇာတ်လမ်းတို ပြိုင်ပွဲကိုတော့ ဒိုင်လူကြီးများအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့က ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း
“ကျား/မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး” ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်
ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy