“မမီးမီးခဲရဲ့ သီချင်းတွေက အမြဲ ရှင်သန်နေဦးမှာပါ”လို့ မီးနို ပြော
ကွယ်လွန်သူ အဆိုတော် မီးမီးခဲအတွက် အမှတ်တရအနေနဲ့ “See you again in heaven” သီချင်းကို အဆိုတော် မီးနိုက သီဆိုဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။
“မမီးမီးခဲအတွက် We love တွေရယ်၊ အနုပညာရှင်တွေရယ် တစုတစည်းတည်း ဖြစ်စေမယ့် သီချင်း တပုဒ်ပေါ့။ အဲ့သီချင်းလေးကို မီးနို ဖန်တီး ပုံဖော်နေတာပါ။ မီးနို ဆိုထားတယ် ဆိုပေမယ့် မမီးမီးခဲအတွက် တချိန်ကျရင် အမှတ်တရလေး ဖြစ်မယ်။ မမီးမီးခဲကလည်း ဘယ်တော့မှ သေဆုံးသွားမယ့် အနုပညာရှင် မဟုတ်ဘူး။ သီချင်းတွေနဲ့ ပတ်သက်ပြီး ရှင်သန်နေဦးမယ့်သူ ဖြစ်တာကြောင့် မီးနိုတို့ လွမ်းဆွတ်တဲ့ အနေနဲ့ သတိတရလေး ဖြစ်အောင် ဒီသီချင်းလေးကို လုပ်ဖြစ်တာပါ”လို့ မီးနိုက ပြောပါတယ်။
“See you again in heaven” သီချင်းကိုတော့ တေးရေးဆရာ ဆလိုင်း ရေးသားထားပြီး မီးနိုနဲ့အတူ အနုပညာရှင်များစွာက ပါဝင်ပေးထားကြတာ ဖြစ်ပါတယ်။

“ဒီသီချင်းလေးကို တေးရေးဆလိုင်းက ရေးသားပေးထားတာပါ။ အနုပညာရှင် မောင်နှမ တော်တော်များများ ပါဝင်ကူညီပေးကြသလို တချို့ကလည်း တကယ်ကို မအားလို့ ပါဝင်ချင်ပေမယ့် မပါဝင်လိုက်ရတာလည်း ရှိတယ်။ အနုပညာရှင် မောင်နှမတွေကိုလည်း ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပိုင်တံခွန်ကလည်း မမီးမီးအတွက် ကဗျာလေး ဖတ်ပေးမယ်။ ဒီသီချင်းလေးကို နိုဝင်ဘာ ၁၆ ရက်နေ့ တေးသံသာကနေ စတင်ပါမယ်”လို့ မီးနိုက ပြောပါတယ်။
မီးမီးခဲအတွက် ခံစားမှုကတော့ သူကွယ်လွန်သွားပေမယ့် သူ့သီချင်းတွေက ရှင်သန်နေဦးမှာလို့ မီးနိုက ဆိုပါတယ်။
“မမီးမီးခဲအတွက် ခံစားမှုကတော့ လူက မရှိတော့ဘူး ဆိုပေမယ့် သူ့သီချင်းတွေက ရှင်သန်နေဦးမှာ ဖြစ်တဲ့အတွက် အရမ်းကြီးလည်း ခံစားစရာ မလိုပါဘူး။ မီးနိုတို့ တနေ့ ကောင်းကင်နိုင်ငံမှာ ပြန်တွေ့မှာ ဖြစ်တဲ့အတွက် မမီးမီးခဲက ကြိုသွားနှင့်နေတာပေါ့။ တချိန် မီးနိုတို့လည်း လိုက်ရမှာ ဖြစ်တဲ့အတွက် ဂုဏ်ပကာသန လောက စည်းစိမ်တွေဆိုတာ ဘာမှ မဟုတ်ဘူး”
“မမြဲတဲ့ သဘောတရားတွေ ဖြစ်တဲ့အတွက် ဒီသီချင်းလေးထဲမှာလည်း ပါတယ်။ လူတွေရဲ့ ပြိုင်ဆိုင်မှုတွေ၊ ရှုတ်ချမှုတွေ၊ ဟန်ဆောင်ခြင်းတွေကလည်း ကိုယ်သေရင် ပါမှာ မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာက အရေးကြီးတယ်။ ချစ်ခြင်းမေတ္တာ မရှိရင် လူဖြစ်နေရလည်း တန်ဖိုး မရှိဘူးလို့ မြင်တယ်။ ဒီသီချင်း လေးနဲ့ သက်သေ ပြချင်တယ်။ အားလုံးလည်း ခံစားမိမယ်လို့ ထင်ပါတယ်”လို့ မီးနိုက ပြောပါတယ်။
မီးမီးခဲနဲ့ အမှတ်တရတွေ အကြောင်းကိုလည်း မီးနိုက အခုလိုပဲ ပြောပြပါတယ်။
“ မီးမီးခဲနဲ့ အမှတ်တရတွေကတော့ အများကြီးပဲ။ မီးနို အနုပညာလုပ်ငန်း စလုပ်ကတည်းက ပထမခွေရော၊ ဒုတိယခွေရော မမီးမီးခဲ သီချင်းလေးတွေ ပါတယ်။ နာဂစ်မှာ သီချင်းသွားဆိုတုန်းက ညီအစ်ကို မောင်နှမတွေ သင်္ဘောပေါ်မှာ ဆုံကြတယ်။ မမီးခဲက ပြောတယ်။ ချစ်သူထားရင် ဒီလို မထားနဲ့၊ ဟိုလို မထားနဲ့ အမြဲ မှာတယ်။ အကြံပေးတယ်၊ ဆုံးမတယ်။ မုန့်တွေလည်း သွားစားတယ်။ အစ်မအိမ်ကိုလည်း အမြဲ သွားသွားလည်တယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ”လို့ မီးနိုက ပြောပါတယ်။
တေးသံရှင် မီးမီးခဲကတော့ အောက်တိုဘာလ ၁၆ ရက်နေ့က သြစတြေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ် အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မီးမီးခဲဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီ ဖြစ်ပြီ သားသမီး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။
You may also like these stories:
ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy
“နင်ပဲငဆ” ပြောတဲ့ ပတ်ဝန်းကျင်မှာ ၁၅ နှစ်လောက်နေခဲ့ရတဲ့ ဆွေဇင်ထိုက်
ဂီတသက်တမ်း နှစ် ၂၀ ပြည့် တကိုယ်တော်ခွေ ထွက်မယ့် စိုင်းစိုင်းခမ်းလှိုင်