ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေသလို သီချင်းသစ်တွေလည်း ထွက်ဖို့ရှိတဲ့ အဆိုတော် ဟန်ထူးဈာန်က မိခင် မရှိတော့တဲ့သူတွေကို ရည်ရွယ်ပြီး သီချင်းတပုဒ် ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“ကျနော် ထွက်တဲ့ သီချင်းတိုင်းက အားလုံး ခံစားချိန်မှာ ငိုရင်လည်း ငိုရမယ်။ ရယ်ရင်လည်း ရယ်ရမယ်။ ကချင်လည်း ကရလိမ့်မယ်။ အကျိုးရှိတဲ့ သီချင်းလေးတွေလည်း ဖြစ်ရမယ်။ မိခင် မရှိတော့တဲ့သူတွေကို ရည်ရွယ်ပြီး ရေးထားတဲ့ သီချင်းတပုဒ် ထွက်ဖို့ရှိတယ်။ နန်း အခွေတွက်လည်း Music Video ရိုက်နေပါတယ်”လို့ ဟန်ထူးဈာန်က ပြောပါတယ်။
လက်ရှိမှာတော့ ဟန်ထူးဈာန်က ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေ နားထားတဲ့အတွက် နားနေချိန်မှာ ဝိတ်ပြန်ထိန်းနေပြီး ဇာတ်ညွှန်းတွေလည်း ပြန်ဖတ်နေတယ်လို့ ဆိုပါတယ်။
“အခုတော့ ဇာတ်လမ်းတွဲ ရိုက်နေရင်းကနေ နားပြီးတော့ ပြန်ရိုက်ဖို့ ပြင်ဆင်နေတယ်။ ဝိတ်လေးတွေ ပြန်ထိန်းနေရတယ်။ ရိုက်ဖို့အတွက် ပြန်ဖတ်နေရတယ်။ ကျနော် နောက်ပိုင်းက အနုပညာသမားလည်း ဖြစ်တယ်။ ရှိုးပွဲတွေကလည်း မရှိဘူးဆိုတော့ အတတ်နိုင်ဆုံး Page ကနေ Live လွှင့်နိုင်အောင် ကြိုးစားတယ်။ အဲ့ကနေ သီချင်းတွေ ဆိုပြတယ်”
“ကျနော် Plan တွေ ချထားတယ်။ အခု ရုပ်ရှင်ရိုက်နေတဲ့အတွက် အခုတော့ သရုပ်ဆောင်ဘက်ကို ကူးမယ်။ အရှေ့စီးရီးတွဲကလည်း မလွှင့်သေးဘူးဆိုပေမယ့်အခု နောက်စီးရီးတွဲကို ဆက်ကြိုးစားမယ်။ သီချင်းတွေလည်း အွန်လိုင်းကနေ တင်ပေးသွားဖို့ ရှိတယ်”လို့ ဟန်ထူးဈာန်က ပြောပါတယ်။
အခုလို ကိုဗစ်ကာလမှာ အများစုက အိမ်မှာနေနေကြပေမယ့် ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေကိုလည်း ကျန်းမာရေး ဂရုစိုက်ပါလို့ ဟန်ထူးဈာန်က ဆိုပါတယ်။
“ကျနော်တို့က အိမ်မှာ နေနိုင်တယ်ဆိုပေမယ့် တချို့ ဝမ်းရေးအတွက် အလုပ်လုပ်နေရတာတွေ ရှိတယ်။ သူတို့မှ ထွက်မလုပ်ရင် မိသားစုအတွက် အဆင်မပြေတဲ့သူတွေက မဖြစ်မနေ ထွက်ပြီး အလုပ်လုပ်ရတယ်။ ပိုပြီးတော့ ဂရုစိုက်ပါ။ ကိုယ်လဲကျသွားလို့ မရဘူး”
“ကိုယ်လဲကျသွားရင် ကိုယ့်နောက်မှာ မိသားစုတွေ ရှိတယ်။ ထွက်ရင်လည်း Hand gel သုံးတာတွေ၊ နှာခေါင်းစည်း တပ်တာတွေ လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ရင် မိသားစုကို ချစ်တာနဲ့ အတူတူပါပဲ။ ကိုဗစ်က ဘယ်ချိန်ပြီးမယ်မှန်းလည်း မသိသေးတော့ စနစ်တကျ ကာကွယ်ပြီးတော့ ထွက်ကြပါ”လို့ ဟန်ထူးဈာန်က ပြောပါတယ်။
အဆိုတော် ဟန်ထူးဈာန်ကတာ့ “အိပ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲကြီးမှာ “3rd Runner Up” ဆုနဲ့ “Popular Choice Award” ဆုတို့ ရရှိခဲ့သူပါ။ ပြိုင်ပွဲကြီးပြီးတဲ့နောက် ၂၀၁၇ ခုနှစ်အတွင်းမှာ ဟန်ထူးဈာန်က “Celebrity” တေးစီးရီးနဲ့ “နန်း” ဆိုတဲ့ တေးစီးရီးတို့ ထွက်ရှိထားပါတယ်။
You may also like these stories:
ဂီတသက်တမ်း နှစ် ၂၀ ပြည့် တကိုယ်တော်ခွေ ထွက်မယ့် စိုင်းစိုင်းခမ်းလှိုင်
“ကိုဗစ်က သင်ခန်းစာတွေ အများကြီးပေးတယ်”လို့ သံသာဝင်း ပြော