အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဂီတကုမ္ပဏီ တော်တော်များများဟာ ရုန်းကန်နေခဲ့ရပေမယ့် BTS အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hit အင်တာတိန်းမန့်ကတော့ အဲ့ဒီ ဂယက်ထဲမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အမြတ်ငွေဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းကျော် ပမာဏအထိ တိုးတက်ခဲ့တယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အဲ့ဒီတောင်ကိုရီးယား ဖျော်ဖြေရေးကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်အတွက် တတိယသုံးလပတ် ကနဦးရလဒ်တွေကို ထုတ်ပြန်ခဲ့ပြီး Live ပွဲစဉ်တွေ မရှိတာတောင် အမြတ်ငွေ တဖြည်းဖြည်း တက်လာတာကို တွေ့ရပါတယ်။ ဒါဟာ အယ်လ်ဘမ်နဲ့ တရားဝင် ထုတ်ကုန်ပစ္စည်းရောင်းအား တိုးတက်မှုကြောင့် ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
Seventeen နဲ့ Nu’est တို့လိုမျိုး အမျိုးသားအဆိုတော်အဖွဲ့တွေရဲ့ အေဂျင်စီဖြစ်တဲ့ Pledis အင်တာတိန်းမန့်ကို ပိုင်ဆိုင်လိုက်ရတာကြောင့်လည်း ဘဏ္ဍာရေးဆိုင်ရာ အမြတ်ငွေ တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ ရောင်းအားမှာ ဝမ် ၄၈၄ ဘီလီယံရှိခဲ့ပြီး အဲ့ဒီအထဲမှာ အမြတ်ငွေ ဝမ် ၈၉ ဒသမ ၉ ဘီလီယံနဲ့ အဲ့ဒီ သုံးလပတ်ကာလအတွင်း အသားတင်အမြတ်ငွေ ဝမ် ၆၀ ဒသမ ၄ ဘီလီယံ ရခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ၅၄ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကုမ္ပဏီကို အများပြည်သူရှေ့မှောက် ချပြခဲ့ပြီးတဲ့နောက် Big Hit အင်တာတိန်းမန့်ကနေ ထုတ်ပြန်တဲ့ ပထမဆုံး သုံးလပတ် အစီရင်ခံစာ ဖြစ်ပါတယ်။ “BE” ဆိုတဲ့ BTS အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် ရောင်းအား အဆမတန် မြင့်တက်ခဲ့ပြီးတဲ့နောက် ရှယ်ယာဈေးတွေလည်း ခုန်တက်သွားခဲ့ပါတယ်။
အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာလအတွင်း ကမ္ဘာ့ဂီတ လုပ်ငန်းထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် K-pop အနုပညာလုပ်ငန်းကတော့ အဲ့ဒီအခြေအနေကို အလျင်အမြန် ကျော်လွှားနိုင်ခဲ့ပုံ ပေါ်ပါတယ်။
Big Hit နဲ့ သူ့ရဲ့ လက်ခွဲကုမ္ပဏီတွေဖြစ်တဲ့ Pledis နဲ့ Source Music တို့ဟာလည်း အခုနှစ်အတွင်းမှာရောင်းအားတွေ တက်လာခဲ့ပြီး အွန်လိုင်း ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့မှုကြောင့် ပရိသတ်တွေနဲ့ အဆက်မပြတ် ထိတွေ့မှု ရခဲ့တဲ့အပြင် ဝင်ငွေလည်း ထပ်ဆောင်း ရရှိခဲ့ပါတယ်။
Ref: scmp
You may also like these stories:
BTS အဖွဲ့ရဲ့ အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် တရုတ်မှာ ပရိုမိုးရှင်းတချို့ ရပ်နားခံရ
BTS အဖွဲ့ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကို ကမ္ဘာတဝန်းမှ ပရိသတ် သန်း ၁၀၀ ကျော် ကြည့်ရှုခဲ့
“BTS အဖွဲ့ကို သဘောကျတယ်”လို့ John Cena ပြော