ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းက ရပ်ဆိုင်းနေတဲ့ အနေအထားမှာရှိနေပြီး နိုင်ငံတကာမှာတော့ ရိုက်လက်စ ရုပ်ရှင်များကို ဆက်လက် ရိုက်ကူးနေသလို လူအနည်းငယ်နဲ့ ရိုက်ကူးပြီး ရုပ်ရှင်များ အဆက်မပြတ် ထွက်ရှိနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာလည်း ရုပ်ရှင်အသစ်တွေ ထွက်ရှိနိုင်ရန် ဘယ်လိုမျိုး ဆက်လက် ဖန်တီးဖို့ လိုအပ်ချက်တွေ ရှိနေတာလဲဆိုတာ အကယ်ဒမီ ဆွေဇင်ထိုက်က ဧရာဝတီကို အခုလို ပြောပြခဲ့ပါတယ်။
“အခုဟာက ရုပ်ရှင်ရုံတွေကနေ Device Streaming ကို ရောက်သွားတာ။ အခွင့်အလမ်း ဖြစ်တယ်။ ဒါကို ကျမတို့အားလုံးက ယူတတ်ဖို့ လိုတာပေါ့။ အသုံးချတတ်ဖို့ လိုတယ်။ ရုပ်ရှင်ရုံမှာပြဖို့ ဇာတ်လမ်းအရှည်ကြီးတွေ ရိုက်ဖို့ စိတ်ကူးယဉ်နေမယ့်အစား အခုရှိတဲ့ အချိန်လေးမှာ အခုရှိတဲ့ အချိန်လေးကို အသုံးချဖို့အတွက် အားပေးချင်တယ်။ အခု ၇ လ၊ ၈ လအတွင်းမှာပဲ ကိုရီးယားတို့ အိန္ဒိယတို့လိုမျိုးတောင် Virtual Competition တွေ လုပ်ကြတယ်။ Virtual Workshop တွေ လုပ်ကြတယ်”
“အဲဒါကိုတွေ့လိုက်တော့ လူတွေတော်တော်များများက ကိုဗစ်ကာလကို မကျော်နိုင်သေးဘူး။ ကိုဗစ်ကာလအတွင်းမှာကို ကိုယ်လုပ်နိုင်တာကို လုပ်ဖို့အတွက် အားပေးချင်တယ်။ အလုပ်တွေကို အများကြီး ဇာတ်လမ်းရုပ်ရှင်တွေကို ရိုက်သွားရာကနေ ရပ်သွားတာဖြစ်တဲ့အတွက် အလုပ်မရှိပါဘူးဆိုပြီး ညည်းကြတဲ့သူတွေအများကြီးကြားထဲမှာ Device Streaming ပြောင်းသွားတဲ့သူတွေဟာ တော်တော်များများ အလုပ်ဖြစ်တာကို တွေ့ရတယ်” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
အခုအချိန်မှာ ရုပ်ရှင်ရိုက်ရတဲ့ ကာလတွေထက် ကြော်ငြာတွေ ရိုက်ကူးရမှုက ပို၍ လှုပ်လှုပ်ခတ်ခတ်ရှိနေပြီး ကြောငြာကဏ္ဍဟာ Zero ဖြစ်မသွားဘူးလို့ ဆိုပါတယ်။
“ကြော်ငြာလေးတွေ ရိုက်ကြတယ်။ ဇာတ်လမ်းတိုလေးတွေ ရိုက်ကြတယ်။ ကိုယ့်ဘာသာ ချန်နယ်လေးတွေ တည်ထောင်ကြတယ်။ ကျမတို့ရုပ်ရှင်တွေ အများကြီး ရိုက်နေရတဲ့ ကာလထက်တောင် ကြော်ငြာတွေရိုက်ကူးမှုဟာ ပိုပြီးတော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်တယ်။ ပိုပြီးတော့ အလုပ်ဖြစ်လာကြတယ်။ ပြီးတော့ ကြော်ငြာမှာသုံးတဲ့ အသုံးစရိတ်ဟာ ရုပ်ရှင်မရိုက်ရလည်းပဲ ကြော်ငြာအသုံးစရိတ်ကတော့ တောက်လျှောက် သုံးနေရတာတွေ့တယ်”
“လူတွေရဲ့တချို့ကုန်ပစ္စည်းတွေက ရပ်ထားလို့ မရဘူးလေ။ ပိုက်ဆံအိတ် မလိုဘူး။ ဒေါက်ဖိနပ် မလိုဘူးဆိုပေမယ့် အန်နာဘွန်စီကတော့ လိုနေတာပဲ။ အားဖြည့်စာက လိုနေတာပဲ။ ဒီလိုအခြေခံ လိုအပ်တာတွေ နိစ္စဓူဝ လိုအပ်တဲ့ဆေးတွေ ကြောငြာတွေက တောက်လျှောက် သွားနေတာ။ ကြော်ငြာကဏ္ဍက Zero ဖြစ်သွားတယ်ဆိုတာ မယုံပါဘူး။ မြင်နေရတာပဲ” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ရိုက်တဲ့အလုပ်ကို ဖျော်ဖြေရေးအတွက်နဲ့လုပ်ကြပြီး အနုပညာရှင်များကလည်း ထမင်းစားကြဖို့ လုပ်ကြတဲ့ ပုံစံက များတယ်လို့ ဆိုပါတယ်။
“ကျမတို့ တိုင်းပြည်မှာတော့ ရုပ်ရှင်ရိုက်တဲ့အလုပ်ကို ဖျော်ဖြေရေးအတွက်ပေါ့။ အနုပညာသည်တွေကလည်း ဒီအလုပ်ကို ဝင်ငွေရလိုရကြောင်း ကျနော်တို့က ထမင်းအိုးတည်တာပါလို့လည်း ပြောကြတာပေါ့။ ထမင်းစားကြဖို့ လုပ်ကြတယ်ဆိုပြီး လုပ်ကြတဲ့ ပုံစံက များတယ်။ အပြည်ပြည်ဆိုင်ရာမှာက ဖြန့်ချိရေးကို တကမ္ဘာလုံးကိုဖြန့်တာ။ အဲဒါဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ ရှယ်ယာတွေ၊ ကုမ္ပဏီတွေနဲ့ လုပ်ကြတာ ဖြစ်တယ်။ အဲ့တော့ ရပ်မထားနိုင်ဘူး”
“ဝန်ထမ်းစရိတ်က ပေးစရာရှိတယ်။ ကန်ထရိုက်တွေက ချုပ်ရတာတွေ ရှိတယ်။ လုံခြုံတဲ့ပတ်ဝန်းကျင်ကို ထူထောင်ပြီး ရိုက်ကြတာ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုသဘော ဖြစ်တာကိုး။ ကျမတို့ဆီမှာက တကယ့်ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။ တကယ်တမ်းကျတော့ ပရိုမိုးရှင်းဘတ်ဂျက်က လာကြတာ ဖြစ်တယ်။ ကျမအနေနဲ့တော့ ရိုက်နိုင်သလောက်ကို ရိုက်ကြဖို့အတွက် တိုက်တွန်းချင်တယ်” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
အခုလိုအချိန်ကာလဟာ လက်သွေးဖို့အကောင်းဆုံးအချိန်ဖြစ်တာကြောင့် စမ်းကြည့်စေချင်ပြီး နိုင်ငံတကာနဲ့လည်း မျက်ခြေမပြတ်စေဖို့ တိုက်တွန်းထားပါတယ်။
“အားပေးချင်တယ်။ အားပေးချင်တာက အခုလိုအချိန်ဟာ လက်သွေးဖို့ကို အချိန်ကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့စမ်းကြည့်ပါ။ ဒီလိုမျိုးရိုက်ရင်းရိုက်ရင်း ကာရိုက်တာတွေကို တီထွင်ခြင်းအားဖြင့် နောင် ဗုန်း ဆိုပြီးပွင့်လာတဲ့အချိန်ကျရင် အဆင်သင့်ဖြစ်အောင်လို့။ ကျမတို့ဒီတခါ ပွင့်လာလို့ရှိရင် Local တွေ Global တွေ မရှိဘူး။ အမြဲစည်းခြားတာ မရှိဘူး”
“တိမ်ကြီးပေါ်မှာ အကုန်လုံး အစည်းအတား မရှိဘဲ အလုပ်လုပ်ကြရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ လုပ်ပုံလုပ်နည်း လုပ်ထုံးလုပ်နည်းတွေ၊ မီဒီယာထုတ်လုပ်သူတွေရဲ့ပုံစံရော၊ သုံးစွဲတဲ့သူတွေရောကို မျက်ခြေမပြတ်ပါနဲ့လို့ တိုက်တွန်းချင်တယ်” လို့ ဆွေဇင်ထိုက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးမှုများကိုတော့ မတ်လအလယ်ပိုင်းလောက်က ရိုက်ကူးခွင့်များ ၊ ရုပ်ရှင်ရုံများပိတ်ထားခဲ့ပြီး ကြားကာလမှာ စည်းမျဉ်းစည်းကမ်းများထုတ်ကာ ရိုက်ကူးခွင့်ပြုခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်း ပြင်းထန်တာကြောင့် အခုအချိန်ထိတော့ ရိုက်ကူးခွင့်ပိတ်ထားဆဲ ဖြစ်ပါတယ်။
You may also like these stories:
“နင်ပဲငဆ” ပြောတဲ့ ပတ်ဝန်းကျင်မှာ ၁၅ နှစ်လောက်နေခဲ့ရတဲ့ ဆွေဇင်ထိုက်
ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကားပြောတဲ့ အနုပညာရှင်များ
“ကိုဗစ်ကာလမှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်”လို့ ပြောတဲ့ ချိုပြုံး