COVID-19 ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ အဆိုတော် လိမ္မော်သီးက အွန်လိုင်းကနေ ဈေးရောင်းနေတယ်လို့ ဆိုပါတယ်။
“အခုတော့ အိမ်မှာပဲ Liveလေးတွေ လွှင့်ပြီး ဈေးတွေ ရောင်းပေးနေတယ်။ ကျမတို့ကို ငှားရင် မိသားစု ၃ ယောက် ရောင်းသလို ညီအစ်မ နှစ်ယောက်လည်း ရောင်းတယ်။ တခါတလေ တယောက်တည်းလည်း ရောင်းတယ်။ ဈေးရောင်းတာ အမြဲ မရောင်းပါဘူး။ ဈေးရောင်းတာ တအား ပင်ပန်းတာပဲ။ ပစ္စည်းတခု ရောင်းထွက်ဖို့ သည်းခံရတယ်။ ချိုသာအောင်၊ ဝယ်ချင်အောင် ပြောရတယ်။ အရမ်းပင်ပန်းတယ်”
“သီချင်းဆိုတဲ့အလုပ်က ကိုယ်ဝါသနာပါလို့သာ လုပ်တာ။ ပိုက်ဆံရတဲ့ အလုပ်တွေက အကုန်ပင်ပန်းတယ်။ ပစ္စည်းရောင်းရင်လည်း မကောင်းတာ ထိုးမရောင်းဘူး။ ကိုယ်က အခိုက်အတန့် ခဏ လုပ်တာမို့ ဂျင်းထည့် မရောင်းဘူး။ သီချင်းတွေ ပြန်ဆိုလို့ရပြီဆို သီချင်းပဲ ဆိုမှာ။ အာပေါက်အောင် ဈေးမရောင်းချင်ဘူး။ ဒါပေမဲ့လည်း ထမင်းစားဖို့ အလုပ်လုပ်ရတယ်။ ကိုယ့်မှာလည်း ကိုယ့်အခက်အခဲနဲ့ ကိုယ်ပါ”လို့ အဆိုတော် လိမ္မော်သီးက ပြောပါတယ်။
ဆက်လက်ပြီး လိမ္မော်သီးက ငယ်ရွယ်စဉ် လုပ်နိုင်တုန်း အချိန်မှာ အလုပ်လုပ်တာကို နားလည်ပေးပါလို့လည်း ဆိုပါတယ်။
“တချို့က အပြင်ပန်းကြည့်ပြီး လုပ်စရာလိုလို့လား ပြောတယ်။ လိုလို့ လုပ်ရတာပါ။ မလိုရင် မလုပ်ပါဘူး။ အနုပညာအလုပ် မလုပ်ရတာ ၁၀ လလောက် ရှိပြီ။ ကြာတော့ တောင့်မခံနိုင်တော့ဘူး။ သူများနိုင်ငံတွေလို အနုပညာကြေးက အများကြီးရတာ မဟုတ်ဘူး။ အဲ့တော့ ငယ်တုန်း လုပ်နိုင်တုန်း လုပ်တဲ့ သဘောပါ။ နားလည်ပေးပါလို့ ပြောချင်တယ်”လို့ လိမ္မော်သီးက ပြောပါတယ်။
အနုပညာရှင်တွေ ဈေးရောင်းတာ ဝေဖန်နေကြတဲ့အပေါ်လည်း အဆိုတော် လိမ္မော်သီးက အခုလိုပဲ ဆိုပါတယ်။
“အနုပညာရှင်တွေ ဈေးရောင်းတာ ပြောကြတယ်။ ဘယ်အရာမဆို ပင်လယ်ရေက သောက်မကုန်ပါဘူး။ အဆိုတော် လုပ်တယ်။ ငါပဲ အဆိုတော် လုပ်မယ်လို့ ဘယ်ရမလဲ။ အဲ့လိုပဲ စီးပွားရေးလည်း ငါတို့ပဲလုပ်မယ် နင်မလုပ်နဲ့ဆိုပြီး မရဘူးလေ။ ပင်လယ်ရေက သောက်မကုန်ဘူးလေ။ သီချင်းဆိုတဲ့ အပိုင်းက ကိုယ်ကျွမ်းကျင်တာဆိုတော့ ဆရာကြီး ဖြစ်အောင် လုပ်လို့ရရင် ရမယ်”
“ဈေးရောင်းတဲ့ အလုပ်မှာ ကိုယ်တိုင်က ပါရမီလည်း ပါဦးမှ။ ရောင်းလည်း ရောင်းတတ်ဦးမှ။ ကျမတို့က အခိုက်အတန့် လုပ်တာ။ အဆိုလောကမှာလည်း အဆိုတော်တွေ အများကြီးပဲ။ ငါ့နေရာကို လုတယ်လို့ မတွေးဘူး။ ကိုယ့်ဘာသာကိုယ် ကြိုးစားနေဖို့ပဲ လိုအပ်တယ်”လို့ လိမ္မော်သီးက ပြောပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိတယ် ဆိုတာကြောင့် ဈေးရောင်းတာက အခုချိန်မှာ ဖြစ်လာတဲ့ Trend တခုလို့ လိမ္မော်သီးက ဆိုပါတယ်။
“နေရာတိုင်းမှာတာ့ တယောက်တည်း ကြီးစိုးနေလို့တော့ မရဘူး။ လူတိုင်းက ဝင်လာမှာပဲ။ အခုလိုဈေးရောင်းတာက အခုချိန်မှာ ဖြစ်လာတဲ့ Trend တခုပေါ့။ ဘာမှ မလုပ်ဘဲ အိမ်မှာ ထိုင်စားနေရင် ဖြစ်လာတဲ့ ပြဿနာပေါ် ငါတို့ ဘယ်လို ဖြေရှင်းမလဲ။ အဲ့လို စဉ်းစားပြီး အလုပ်တခုကို အကျိုးရှိအောင် လုပ်မှာလား မလုပ်ဘဲ ထိုင်နေမှာလား။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်။ အဲ့တော့ ကျမတို့ကတော့ ဈေးရောင်းတဲ့ အလုပ်လုပ်မှာ။ မတရားယူနေတာလည်း မဟုတ်ဘူး။ မဟုတ်တာ လုပ်နေတာ မဟုတ်ဘူး။ သမာ အာဇီဝလုပ်နေတာ”လို့ လိမ္မော်သီးက ပြောပါတယ်။
အဆိုတော် လိမ္မော်သီးကတော့ အမျိုးသမီး Rock အဆိုတော်တဦး ဖြစ်ပြီး “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ” ၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။
You may also like these stories:
ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို
“ဒီက အနုပညာရှင်တွေက ထမင်းစားဖို့အတွက် လုပ်ကြတဲ့ပုံစံက များတယ်”
ကိုဗစ်ကာလဖြစ်ပေမယ့် အရင်ထက် အမြတ်ငွေ နှစ်ဆရတယ်လို့ BTS ရဲ့ အေဂျင်စီ ဆို