Entertainment

ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်

အဆိုတော် ဘန်နီဖြိုးရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ KARROT ကတော့ မကြာခင်မှာ Star Wars နဲ့အတူပူးပေါင်းကာ ထုတ်လုပ်မယ့် Collection ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

“STAR WARS x KARROT ရဲ့ပထမဆုံး collection ကို လာမယ့် ၂၀ ရက်နေ့မှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ collaboration နဲ့ ပတ်သက်ပြီး အမေးများကြတဲ့ မေးခွန်းအချို့ကိုလည်း ဖြေပေးချင်ပါတယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။

လတ်တလော အခြေအနေများအရ ဆိုင်တွေ ဖွင့်ဖို့ အဆင်ပြေ၊ မပြေ စောင့်ကြည့်နေဆဲကာလ ဖြစ်တာကြောင့် Online Order အနေနဲ့ အရင်ဆုံး ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံး Collection မှာတော့ အမျိုးအစား ၁၁ မျိုးပါဝင်မှာဖြစ်ပြီး တရားဝင်လိုင်စင်နဲ့ ဖြစ်တာကြောင့် စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေရှိတဲ့အတွက် ပုံမှန်ဈေးနှုန်းများထက် များမှာဖြစ်တယ်လို့ သိရပါတယ်။

“Official licensed collaboration ဖြစ်တဲ့အတွက် သူတို့ရဲ့ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေ နဲ့လည်း လုပ်ရတာဖြစ်တာကြောင့် ပုံမှန်ဈေးနှုန်းတွေထက်တော့ အနည်းငယ်များမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ collaboration ဟာ မြန်မာပြည်က STAR WARS fan တွေ KARROT fan တွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။ International က အခြား official merchandise တွေရဲ့ဈေးနှုန်းထက်သက်သာစေဖို့အတွက်ကို အားလုံးနဲ့ အဆုံးစွန်ဆုံးထိညှိပြီး ဈေးနှုန်းတွေကို သတ်မှတ်ထားမှာဖြစ်ပါတယ်” လို့ ဘန်နီဖြိုးက ပြောထားပါတယ်။

ဒီ Collection ကိုတော့ KARROT Facebook Page ကနေ တိုက်ရိုက် အော်ဒါလုပ်နိုင်ပြီး ရန်ကုန် မန္တလေး Genius ဆိုင်များအပြင် အခြားနာမည်ကြီး Retail store အချို့မှာ ပါရရှိနိုင်တယ်လို့ သိရပါတယ်။

ဘန်နီဖြိုးကတော့ STAR WARS x KARROT Collection အတွက်ကို ယခုနှစ် မေလအတွင်း တရားဝင်အသိပေးခဲ့တာဖြစ်ပြီး ဒီလိုပူးပေါင်းမှုဟာ မြန်မာနိုင်ငံနဲ့ ပထမဆုံး တရားဝင် ပူးပေါင်းမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆို‌တော် ဘန်နီဖြိုးက Karrot နာမည်နဲ့ အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေတာ အခုဆိုရင် ၅ နှစ်တာ ကာလရှိနေပြီဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အသစ်အဆန်းတွေ ဖန်တီးသွားဦးမယ်လို့ သိရပါတယ်။

You may also like these stories:

ကိုဗစ် မတိုင်ခင် တကိုယ်တော် ဖျော်ဖြေပွဲ လုပ်နိုင်ခဲ့တဲ့ ဘန်နီဖြိုး

Star Wars နဲ့အတူ ပူးပေါင်းပြီး Collection အသစ် ထုတ်မယ့် ဘန်နီဖြိုး

Loading