မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ အလှူတခုမှာ “အဓိက သရုပ်ဆောင် အခြေခံအလွှာ” ဆိုပြီး ရေးသားထားတဲ့အပေါ် ဇာတ်ပို့ ဇာတ်ရံအချို့က နားလည်မှုလွဲတာပါလို့ ဇာတ်ပို့ သရုပ်ဆောင် သူဇာပွင့်က ဆိုပါတယ်။
“အဓိက သရုပ်ဆောင် အခြေခံအလွှာ ဆိုပြီး တင်ထားတဲ့အပေါ်တော့ ဘယ်လိုမှ မခံစားရဘူး။ ကိုယ်က ဒီအကြောင်းကို သေချာသိနေလို့ပါ။ အဓိက သရုပ်ဆောင် အခြေခံအလွှာ ဆိုတာတော့ ကိုယ်လည်း ဘယ်ရမလဲ ဖုန်းဆက်ပြီး မေးတာပေါ့”
“အရင်တုန်းက သရုပ်ဆောင်လုပ်တဲ့ထဲ ဦးဇော်ဦးတို့၊ မမ တင်ဇာဝင်းပြည့်တို့၊ အရင်ခေတ်က မင်းသား၊ မင်းသမီးတွေ၊ သူတို့တွေက အရင်က မင်းသားအနေနဲ့ရော၊ မင်းသား သူငယ်ချင်းအနေနဲ့ရော ရိုက်ခဲ့တော့ ဒီဘက်ခေတ်ကို ရောက်တော့ သူတို့က ဇာတ်ပို့ ဇာတ်ရံ မဟုတ်တော့ဘဲ အဓိက သရုပ်ဆောင် အခြေခံအလွှာ ဖြစ်သွားတယ်”
“အရင်တုန်းက မင်းသား၊ မင်းသမီးဟောင်း လူကြီးတွေကို ကန်တော့လိုက်တာပါ။ ကျမတို့ဆို စဝင်ကတည်းက ဇာတ်ပို့ ဇာတ်ရံနဲ့ ဝင်တာ။ သူတို့က စလုပ်ကိုင်ကတည်းက မင်းသား၊ မင်းသမီးအနေနဲ့ လုပ်ကိုင်ခဲ့တာ။ ဇာတ်ပို့ ဇာတ်ရံ ဆိုပေမယ့် သူတို့က အဓိကသရုပ်ဆောင် အခြေခံအလွှာပေါ့”လို့ သူဇာပွင့်က ပြောပါတယ်။
လှူဒါန်းတဲ့ဘက်ကလည်း လှူနိုင်သလောက် လှူပေးတာဖြစ်တဲ့အတွက် ကိုယ်တိုင် မလှူနိုင်ပေမယ့် ပီတိဖြစ်ရတယ်လို့ သူဇာပွင့်က ဆိုပါတယ်။
“ပေးရမယ့်သူက အရမ်းများနေတော့ နည်းနည်းနဲ့ တယောက်ချင်းရမယ့် အတူတူ တယောက်ကို ထိထိရောက်ရောက်လေး သူလှူနိုင်သလောက်လေး လှူတာ။ ခွဲခွဲခြားခြားခြား ပေးတာတော့ မဟုတ်ဘူး။ အဓိပ္ပာယ်မသိ နားလည်မှု လွဲနေတာပါ။ သူလှူတာကို ပီတိတောင် ဖြစ်ပါသေးတယ်။ ကိုယ်တွေ မလှူနိုင်တာကို သူက လူကြီးတွေကို လာလှူပေးလို့ ဝမ်းသာတယ်။ နားလည်မှု လွဲတာပါ”လို့ ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံးမှာ အစည်းအရုံးဝင် ဇာတ်ပို့ ဇာတ်ရံ အယောက် ၁၆၀၀ ကျော် ရှိပေမယ့်လည်း အခုလို ထိထိရောက်ရောက် လှူတာကို ဝမ်းသာတယ်လို့ ဆိုပါတယ်။
“လှူတဲ့ ညီမလေးကလည်း သူနိုင်သလောက်လေး အစည်းအရုံးကို လှူတာ။ သူနိုင်တာက လူအယောက် ၁၅၀ လောက်ပဲ။ ဇာတ်ပို့ ဇာတ်ရံက ၁၆၀၀ လောက် ရှိတာ။ သူလည်း အဲ့လောက်ကို လှူပေးရမှာ အဆင်ပြေမှာ မဟုတ်ဘူးလေ။ အဲ့တော့ သူလှူတာလေး ထိထိရောက်ရောက်လေးဖြစ်အောင် လှူပေးတာပေါ့”လို့ သူဇာပွင့်က ပြောပါတယ်။
သရုပ်ဆောင် သူဇာပွင့်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကား များစွာမှာ ခပ်စွာစွာ အမျိုးသမီး တဦးရဲ့ ကာရိုက်တာနဲ့ သူဇာပွင့်ကို ပရိသတ်တွေက သတိထား အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
“အားလုံးရဲ့ မေတ္တာကြောင့် အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ”လို့ ထွန်းကိုကို ပြော
ရုပ်ရှင်အစည်းအရုံးဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖိုး လှူဒါန်းခဲ့တဲ့ နေခြည်ဦး
အွန်လိုင်းကနေ သီချင်းသစ်တွေ တင်ပေးဖို့ရှိတဲ့ ထွန်းရတီ