ပြီးခဲ့တဲ့ ဇွန်လမှာ ရုံတင်ဖို့ ကနဦး စီစဉ်ထားခဲ့တဲ့ “Wonder Woman 1984” ကို ကပ်ရောဂါကြောင့် လာမယ့် ခရစ္စမတ်နေ့အထိ ရက်ရွှေ့ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။
အဲ့ဒီ စူပါဟီးရိုးရုပ်ရှင်ရဲ့ နောက်ကွယ်က Warner Bros. ကတော့ သူတို့ရဲ့ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာရော၊ သူတို့ပိုင်တဲ့ HBO Max ဝန်ဆောင်မှုကနေပါ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ Warner Bros. ရဲ့အဆိုအရ သူတို့ရဲ့ ရုပ်ရှင်ကို HBO Max ကို Subscribe ရယူထားတဲ့ အမေရိကန်က အသုံးပြုသူတွေအတွက် တလကြာ ကြည့်ရှုခွင့် ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
WarnerMedia Studios နဲ့ Networks Group ရဲ့ဥက္ကဋ္ဌနဲ့ စီအီးအို Ann Sarnoff က “ဒီလိုမျိုး မကြုံစဖူး အခြေအနေကို ကျနော်တို့ ရင်ဆိုင်နေရချိန်မှာ ပရိသတ်တွေဆီ ဆက်လက် ရောက်ရှိနိုင်ဖို့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ ဆက်လက် ရှေ့ဆက်ရေးမှာ ဆန်းသစ်တီထွင်မှုကို လုပ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေဆီ မသွားရောက်နိုင်တဲ့ ပရိသတ်တွေအတွက် HBO Max ပလက်ဖောင်းကနေတဆင့် ကြည့်ရှုခွင့်ရနိုင်အောင် ပြုလုပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ “Wonder Woman 1984” ရုပ်ရှင်ဒါရိုက်တာ Patty Jenkins နဲ့ မင်းသမီး Gal Gadot တို့ကလည်း Twitter ကနေတဆင့် ထုတ်ပြန်ချက်တွေကို ထုတ်ခဲ့ပါတယ်။
ဒါရိုက်တာ Jenkins က “ကျမတို့ရဲ့ ပရိသတ်တွေကို ကျမတို့ ချစ်သလိုပဲ ကျမတို့ ရုပ်ရှင်ကို ကျမတို့ ချစ်ပါတယ်။ ဒါကြောင့် ဒီပိတ်ရက်ကာလမှာ အားလုံးအတွက် ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ကျမတို့ ရုပ်ရှင်က ဆောင်ကျဉ်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
မင်းသမီး Gadot က “လွယ်ကူတဲ့ ဆုံးဖြတ်ချက်တခု မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျမတို့ဟာ ပြသဖို့ ဒီလိုအချိန်အကြာကြီး ဆွဲထားရလိမ့်မယ်လို့ မထင်ခဲ့ဖူးပါဘူး။ ရုပ်ရှင်ထဲမှာ ကျမတို့ရဲ့ စိတ်နှလုံးသားတွေကို ထည့်ထားပါတယ်” လို့ ရေးသားခဲ့ပါတယ်။
“Wonder Woman 1984” ရုပ်ရှင်ဟာ ကမ္ဘာပေါ်မှာ အမျိုးသမီး ဒါရိုက်တာတဦးက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ထဲမှာ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဇာတ်လမ်းတခုလည်း ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်
အန္တရာယ်ရှိတဲ့ ကစားနည်းကြောင့် “Running Man” အစီအစဉ် ဝေဖန်ခံရ
မကြာခင် ကြည့်ရှုရတော့မယ့် “Tom & Jerry” ရုပ်ရှင်