“Black Panther” မင်းသား Michael B. Jordan (မိုက်ကယ်ဘီဂျော်ဒန်) ဟာ People မဂ္ဂဇင်းရဲ့ သက်ရှိထင်ရှား အမျိုးသားတွေထဲမှာ ဆွဲဆောင်မှုအရှိဆုံးအဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရွေးချယ်ခံခဲ့ရပြီး ဒါဟာ နှစ်စဉ် ပေါ့ပ်ယဉ်ကျေးမှု ဂုဏ်ပြုခြင်းမှာ တတိယမြောက်အဖြစ် ပါဝင်ခဲ့တဲ့ လူမည်း မင်းသား ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် မင်းသား ဂျော်ဒန်က အခုလိုမျိုး သူ့ကို ဂုဏ်တပ်ပေးတာ တော်တော်လေးကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ People မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက “ဒါဟာ ကောင်းမွန်တဲ့အဖွဲ့ထဲမှာ ပါဝင်လိုက်ရတာလည်း ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသား ဂျော်ဒန်ဟာ “All My Children” ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ကလေးသရုပ်ဆောင်တဦးအနေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်သူဟာ “Fruitvale Station” ဆိုတဲ့ လူမှုတရားရေးဆိုင်ရာ ဒရာမာမှာ ပါဝင်ခဲ့ရာကနေ ဟောလိဝုဒ်မှာ တဖြည်းဖြည်းချင်း နာမည်ရလာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ သူဟာ Rocky လက်ဝှေ့ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ “Creed” မှာ ပါဝင်ခဲ့ပြီး အဲ့ဒီနောက် ၃ နှစ်အကြာ “Black Panther” ရုပ်ရှင်မှာ ကွယ်လွန်သူ မင်းသား Chadwick Boseman ရဲ့ ပြိုင်ဖက်ဇာတ်ကောင် ဗီလိန် Erik Killmonger အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
“Jimmy Kimmel Live!” ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ကြေညာခဲ့တဲ့ အဲ့ဒီ ဂုဏ်ထူးဆုပိုင်ရှင် မင်းသား ဂျော်ဒန်လိုမျိုး ဆုရခဲ့ဖူးတဲ့သူတွေကတော့ ၂၀၁၈ ခုနှစ်မှာ ဗြိတိသျှ လူမည်းမင်းသား Idris Elba နဲ့ ၂၀၁၉ ခုနှစ်မှာ လူမည်းအဆိုတော် John Legend တို့ ဖြစ်ကြပါတယ်။
မင်းသား ဂျော်ဒန်ကတော့ ဟောလိဝုဒ်မှာ ပိုမိုကြီးမားတဲ့ လူမျိုးစုံ ကွဲပြားမှု ရှိစေဖို့ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဟာလည်း လူမျိုးစုံပါဝင်တဲ့ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို ခန့်ထားမယ့် ရုပ်ရှင်တခုကို ဖန်တီးမယ်လို့ ကြေညာခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာဖြစ်ခဲ့တဲ့ Black Lives Matter ဆန္ဒပြမှုတွေအတွင်းမှာလည်း မင်းသား ဂျော်ဒန်ဟာ “Color of Change” ကိုယ်ကျိုးမဖက်အဖွဲ့မှာလည်း ပါဝင်ခဲ့ပြီး ဟောလိဝုဒ်အနေနဲ့ လူမည်းဇာတ်လမ်းတွေနဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံနိုင်မယ့် ခိုင်မာတဲ့ ကနဦး နည်းလမ်းတွေကိုလည်း စတင်ခဲ့ပါတယ်။
သူ့မိသားစုထဲမှာရှိတဲ့ အမျိုးသမီးတွေက အခုလိုမျိုး People မဂ္ဂဇင်းကနေ သတ်မှတ်တဲ့ဆုမှာ ပါဝင်ရလို့ ဂုဏ်ယူနေတယ်လို့ မင်းသား ဂျော်ဒန်က ဆိုပါတယ်။ သူက “ကျနော့်အဖွားအသက်ရှိစဉ်တုန်းက သူက အဲ့ဒီမဂ္ဂဇင်းတွေကို စုဆောင်းခဲ့ပါတယ်။ ပြီးတော့ ကျနော့်အမေကလည်း တော်တော်လေးကို ဖတ်ခဲ့ပါတယ်။ ကျနော့် အဒေါ်ရောပါပဲ။ သူတို့အတွက် အထူးနေရာတခု ဖြစ်ရမယ့် မဂ္ဂဇင်းတခု ဖြစ်ပါတယ်” လို့ မဂ္ဂဇင်းအကြောင်း ပြောပြခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
“Wonder Woman 1984” ရုပ်ရှင်ကို HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်နိုင်တော့မည်
ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်
အန္တရာယ်ရှိတဲ့ ကစားနည်းကြောင့် “Running Man” အစီအစဉ် ဝေဖန်ခံရ