ပြီးခဲ့တဲ့ ရက်ပိုင်းက ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့ သရုပ်ဆောင် ဗေလုဝဟာ လက်ရှိမှာတော့ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဧရာဝတီကို ပြောပါတယ်။
“အခုလက်ရှိ ကျန်းမာရေးအခြေအနေက ကောင်းတယ်။ လေတက်သလိုနဲ့ တက်သွားတယ်။ တက်တာလည်း ခဏလေးပဲကို ကျမတို့က စိုးရိမ်ပြီး ဆေးရုံ တခါတည်း ပြေးလာလိုက်တာ အခု ကျန်းမာရေး ကောင်းနေပါပြီ။ လေတွေဘာတွေ ထပ်ဖြတ်သွားမှာစိုးလို့ လာပြတာ။ အခုတော့ ကောင်းနေပါပြီ။ အခုကတော့ ဆေးရုံမှာပါပဲ”
“အခု ဆရာဝန်တွေကလည်း ဦးနှောက်ကို ပြန်ပြီး CT ရိုက်ချင်တယ်ဆိုလို့ ရိုက်ထားတယ်။ ရိုက်ထားတဲ့ အဖြေက မရသေးဘူး။ စိုးရိမ်စရာ မရှိပါဘူး”လို့ ဒေါ်စုစုခိုင်က ပြောပါတယ်။
ပထမ တခါကလို သတိမေ့တာလည်း မဖြစ်သလို၊ ဖျားတာလည်း မရှိဘူးလို့ ဆိုပါတယ်။
“ဆေးရုံမှာ အဖျားတိုင်းတယ်။ အဖျားမရှိ၊ ဘာမှ မရှိမှ ဆေးရုံ အတက်ခံတာ။ သူတို့ စစ်ဆေးပါတယ်။ ဘယ်တော့ ပြန်ဆင်းရမယ်ဆိုတာတော့ အဖြေတွေ ကြည့်ပြီးတော့မှပဲ ပြောတယ်။ သူက အကုန်ကောင်းတယ်။ စားနိုင်သွားနိုင်တယ်။ အကုန်လုံးကိုလည်း သိတယ်။ ပထမ တခါတုန်းကလို မေ့တာ မရှိဘူး။ သတိလည်း မေ့တာ မဖြစ်ဘူး”လို့ ဒေါ်စုစုခိုင်က ဆိုပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝကတော့ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရပြီးနောက်ပိုင်း စကားပြောနိုင်၊ လမ်းလျှောက်နိုင်နဲ့ ကျန်းမာရေး အခြေအနေ ပြန်လည် တိုးတက်လာခဲ့ပါတယ်။
You may also like these stories:
ရုပ်ရှင်အစည်းအရုံးဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖိုး လှူဒါန်းခဲ့တဲ့ နေခြည်ဦး
ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည
“အဓိက သရုပ်ဆောင် အခြေခံအလွှာကို တချို့ နားလည်မှု လွဲတာပါ”လို့ သူဇာပွင့် ဆို