အလှမယ် ဟန်တီကတော့ မကြာခင် အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ရှိနေပြီး အနုပညာ အလုပ်တွေလည်း လုပ်ကိုင်နိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။
“ဟန်တီ အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ကတော့ တော်တော်လေးကို သေချာနေပြီ။ ဟန်တီ ဇန်နဝါရီလလောက်ကို သွားတက်ဖြစ်မယ်။ တနှစ် ဆိုပေမယ့် ၉ လလောက်ပဲ သွားပြီး ကျောင်းတက်ဖြစ်မယ်။ နောက်ဆုံးနှစ် ဘွဲ့ယူရင်း စီးပွားရေး ကျောင်းလေးတက်ရင်း ဘွဲ့ထပ်ယူမှာ ဖြစ်ပါတယ်”လို့ ဟန်တီက ပြောပါတယ်။
ဟန်တီကတော့ ကိုယ်တိုင်ရှာထားတဲ့ ပိုက်ဆံနဲ့ ကျောင်းတက်ချင်တာကြောင့် ကားရောင်းဖို့ စီစဉ်ဖြစ်တာလို့လည်း ဆိုပါတယ်။
“ကျောင်းသွားတက်တာက စရိတ်က အရမ်းများတယ်။ ကိုယ်ကလည်း ကောင်းတဲ့ကျောင်း တက်ချင်တယ်။ ပညာရေးကိုလည်း အကောင်းဆုံး အမြင့်ဆုံးရတဲ့ ပညာရေးကိုပဲ လိုချင်တာဆိုတော့ အနည်းနဲ့အများ ငွေကြေးကုန်ကျမှုကလည်း များတယ်။ မိဘတွေဆီက ပိုက်ဆံနဲ့ သွားတာထက် ကိုယ်တိုင် ရှာထားတဲ့ ကားလေးကို ရောင်းပြီး ကျောင်းတက်ချင်တယ်”
“ရောင်းရမှာ အစကတော့ နှမြောတာပေါ့။ ဒါပေမဲ့ အသုံးစရိတ်တွေလည်း လိုမှာ။ အဲ့ဒါကို အသုံးချချင်တဲ့အတွက် ကိုယ်ဝယ်ထားတဲ့ ကားလေးကို ပြန်ရောင်းချင်တာ။ ပြန်လာရင်လည်း ကိုယ့်ဆီက ကားလေးက ခေတ်အောက်သွားပြီ။ ကားက သိမ်းထားလည်း ဖုန်တက်မှာဆိုတော့ ရောင်းဖို့ စီစဉ်တာပါ”လို့ ဟန်တီက ပြောပါတယ်။
ပညာရေးကို ဦးစားပေးလိုက်တာကြောင့် အနုပညာလောကထဲက ပျောက်သွားမှာတော့ မဟုတ်ဘဲ Vlog တွေကော၊ ကြော်ငြာတွေကိုပါ ရိုက်နိုင်အောင် လုပ်မယ်လို့ ဆိုပါတယ်။
“ဇန်နဝါရီ သွားရင် အနုပညာတွေ မလုပ်တော့ဘဲ ပျောက်သွားမှာလား ပြောကြတယ်။ ဟန်တီကတော့ လုံးဝကို အနုပညာလောကထဲက အပျောက်မခံဘူး။ Vlog တွေရော၊ ကြော်ငြာတွေပါ ဟိုမှာရိုက်နိုင်အောင် စီစဉ်နေပါတယ်”လို့ ပြောပါတယ်။
မိခင်ဖြစ်သူ မပါဘဲ တယောက်တည်း ကျောင်းသွားတက်ရတဲ့အတွက် အသစ်အဆန်း ဖြစ်ပေမယ့် ကြိုးစားပြီး လုပ်ရမှာတွေတော့ အများကြီးရှိတယ်လို့ ဆိုပါတယ်။
“ဟန်တီ မေမေ မပါဘဲ တယောက်တည်း ကျောင်းသွားတက်ရမှာ ပျော်လည်း ပျော်တယ်။ ပျော်လည်း မပျော်ဘူးပေါ့။ ပျော်တယ်ဆိုတာကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်။ ကိုယ့်ဆုံးဖြတ် ချက်နဲ့ကိုယ် ဘာလုပ်လုပ် စဉ်းစား လုပ်ကိုင်ရတော့မယ်ဆိုတော့ နည်းနည်းတော့ Risk တော့ များတယ်။ အိမ်မှာဆို မေမေက ဘေးကနေ အမြဲ Support လုပ်ပေးနေတာ။ ဟိုမှာ မာမီရေလို့ လှမ်းခေါ်ဖို့လည်း မရှိဘူးလေ”
“ကိုယ့်တိုင်ပဲ လုပ်ရမှာဆိုတော့ ကိုယ်တိုင် တာဝန်ယူပြီးလုပ်ရမှာဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တော့ မာမီ့ကိုလည်း အားကိုးတာလည်း မထားတော့ဘူးပေါ့။ အမေ မပါရင်လည်း မလုပ်တတ်ဘူးဖြစ်မှာ စိုးတယ်။ ကိုယ့်အတွက် အသစ်အဆန်းဖြစ်ပေမယ့် ကြိုးစားပြီး လုပ်ရမှာတွေတော့ အများကြီး ရှိတာပေါ့။ မိသားစုနဲ့လည်း Video call တွေ ပြောမယ်။ မသွားရသေးဘဲ သူတို့ပါ လာဖို့ ပြင်ဆင်နေပြီ”လို့ ဟန်တီက ပြောပါတယ်။
အလှမယ် ဟန်တီကတော့ Miss Myanmar World 2018 အလှမယ် ဖြစ်ပြီး တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူပါ။ ဟန်တီဟာ ၂၀၁၂ ခုနှစ်မှ စတင်ကာ Miss လောကထဲ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။
You may also like these stories:
“ဗေလုဝရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်”လို့ ဇနီးဖြစ်သူ ဆို
“အဓိက သရုပ်ဆောင် အခြေခံအလွှာကို တချို့ နားလည်မှု လွဲတာပါ”လို့ သူဇာပွင့် ဆို
ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်