COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အလှမယ် မေဘရဏီသော်က အခုဆိုရင် အောင်မြင့်မိုရ် Quarantine Center မှာ ရောက်ရှိနေပြီး ခံစားနေရတဲ့ ဝေဒနာများအကြောင်း ဧရာဝတီကို အခုလို ပြောပြခဲ့ပါတယ်။
“၁၃ ရက်နေ့မှာ စပြီး ဖြစ်တယ်။ ၁၄ ရက်နေ့မှာ ကိုယ်စပူတယ်။ လည်ချောင်း နာတယ်။ ရာသီ အကူးအပြောင်းကြောင့်လို့ပဲ ထင်တာပေါ့။ ဒီလိုမျိုးလည်း ဖြစ်မယ် မထင်ဘူး။ နှစ်တိုင်းနှစ်တိုင်း လည်ချောင်းနာတာတို့၊ ချောင်းဆိုးတာတို့ ဖြစ်တော့ ရာသီအကူးအပြောင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်ဆိုပြီး ကိုယ့်ဘာသာ ဆေးပဲ သောက်ဖြစ်တာပေါ့”
“၁၅ ရက်နေ့မှာ ကိုယ်ပူကျသွားတယ်။ လည်ချောင်းနာတာတွေလည်း သက်သာလာတယ်။ ဒါပေမဲ့ အနံ့မရတော့ဘူး။ ၁၆ ရက်နေ့မှာ မြောက်ဥက္ကလာဆေးရုံမှာ သွားစစ်တယ်။ မေသော်ရော အမေ၊ အဖေ၊ အန်တီရော ၄ ယောက် သွားစစ်တော့ မေသော့် အဖေကိုကျတော့ ကျန်းမာရေးကောင်းလို့ မစစ်ပေးဘူး။ မေသော်ရယ်၊ အမေရယ်၊ အန်တီရယ်ကိုပဲ စစ်တော့ Positive ဖြစ်တယ်။ အဲဒါနဲ့ အောင်မြင့်မိုရ် Quarantine Center ကို ရောက်လာတယ်” လို့ မေဘရဏီသော်က ပြောပါတယ်။
အခု လက်ရှိအချိန်ထိတော့ အနံ့ မရသေးဘဲ ကိုယ်ပူတာတော့ သက်သာသွားပြီး ဂရုစိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အခုကတော့ မေသော် အဆင်ပြေပါတယ်။ အရင်ရက်တွေကတော့ ကိုယ်ပူတာတွေ ဖြစ်တယ်။ လည်ချောင်းတွေ နာတယ်။ တကိုယ်လုံး ကိုက်ခဲတာတွေ ရှိတယ်။ အခုရက်ပိုင်းတော့ ပြန်သက်သာလာတယ်။ အခုထက်ထိတော့ အနံ့ မရသေးဘူး။ အမေကတော့ နည်းနည်း ကိုယ်နွေးသေးတယ်။ ကိုယ်ပူပြီး ချောင်းတွေ ဆိုးတယ်။ ရေနွေးကို အဓိကထား တိုက်တယ်။ ရေနွေးငွေ့ ရှုခိုင်းတယ်။ နောက်ပြီးဆေးလေးတွေ အိမ်ကနေ ယူလာတဲ့ဆေးတွေ ရှိတော့ အဲဒါတွေ တိုက်ဖြစ်တယ်။ အန်တီ့ကိုလည်း ဆေးလေးတွေ တိုက်ထားတယ်” လို့ မေဘရဏီသော်က ပြောပါတယ်။
မိသားစု တစုလုံးမှာတော့ မေဘရဏီသော်နဲ့အတူ မိခင်ဖြစ်သူ၊ အဒေါ်တို့က ၃ ယောက် ကူးစက်ခံထားရတာဖြစ်ပြီး တခြား မိသားစုဝင်များကလည်း Home Quarantine ၊ Hotel Quarantine များ ဝင်ရောက်နေတယ်လို့ သိရပါတယ်။
“အိမ်က မိသားစုတွေကတော့ အဓိက စိတ်ဓာတ်မကျဖို့ ပြောတယ်။ အိမ်မှာဆိုရင် မေသော့်အဖေကကျန်ခဲ့တယ်။ Home Quarantine ဝင်ဖြစ်တယ်။ နောက်ပြီး အန်တီတယောက်လည်း ကျန်ခဲ့တယ်။ အစ်ကိုရယ်၊ အစ်မရယ်၊ တူမလေးရယ်ကတော့ ဟိုတယ်မှာပဲ Quarantine ဝင်ဖြစ်တယ်”
“နည်းနည်းလေးစိတ်ပူတာက အိမ်မှာ ခွေးလေးတကောင် ရှိတယ်။ ကိုယ်တွေ မရှိရင် သူ့ကို ဂရုမစိုက်ဖြစ်မှာ စိတ်ပူတယ်။ သူတယောက်တည်း သူ့ကိုထားခဲ့တယ် ထင်မှာကို စိတ်ပူတယ်။ အဲဒါလေးကတော့ ရှိတယ်။ အကုန်လုံးကတော့ စိတ်ဓာတ် မကျကြပါဘူး” လို့ မေဘရဏီသော်က ပြောပါတယ်။
Quarantine Center ကိုတော့ နိုဝင်ဘာ ၁၆ရက်နေ့က စတင်ရောက်ရှိနေတာဖြစ်ပြီး ၁၀ ရက်ခန့်နေရမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီ Quarantine Center မှာ နေတာကတော့ ၁၆ ရက်နေ့ကဆိုတော့ ၁၀ ရက်လောက်တော့ နေရမယ်။ ပြီးရင် အိမ်မှာ နောက် ၂ ပတ် ထပ်နေရမယ်။ ဒီမှာတော့ အရမ်းကြီး အရေးပေါ်လူနာ မရှိဘူး။ များသောအားဖြင့် အနံ့ပျောက်တာ၊ ကိုယ်အပူချိန်များတာတွေ ရှိတာ များတယ်။ ဆေးတွေ ဘာတွေ ပေးတာလည်းမရှိဘူး။ အိမ်ကနေ ယူလာတွေကိုပဲ သောက်တာ များတယ်။ အစားအသောက်တွေကတော့ ဂရုတစိုက်နဲ့ ကျွေးတယ်။ အာဟာရရှိအောင် စားဖို့ ပြောတယ်။ အပူချိန်တိုင်းတယ်။ သွေးခုန်နှုန်းတွေ တိုင်းတယ်။ အောက်ဆီဂျင်လည်း တိုင်းတယ်”လို့ ပြောပါတယ်။
အလှမယ် မေဘရဏီသော်ကတော့ Miss Universe Myanmar 2015 ဆု ရရှိထားတဲ့ အလှမယ် တဦးဖြစ်ပြီး သူနဲ့အတူ မိသားစုဝင်များ COVID-19 ကူးစက်ခံရထားကြောင်း လွန်ခဲ့တဲ့ ၂ ရက်ခန့်က အသိပေးထားတာ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ့်ပိုက်ဆံနဲ့ ကျောင်းတက်ချင်လို့ ကားရောင်းတာပါ”လို့ ပြောတဲ့ ဟန်တီ
“ဗေလုဝရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်”လို့ ဇနီးဖြစ်သူ ဆို
“အဓိက သရုပ်ဆောင် အခြေခံအလွှာကို တချို့ နားလည်မှု လွဲတာပါ”လို့ သူဇာပွင့် ဆို