COVID–19 အတွက် ပညာပေးသီချင်းတပုဒ်ဖြစ်တဲ့ “Go away Corona” သီချင်းဟာ ကိုဗစ်ကာလစတင်စဉ်ကနေ အခုအချိန်ထိ နေရာတိုင်းလိုလိုမှာ ကြားနေရပြီး ပြည်သူများဆီကိုလည်း လွယ်လွယ်ကူကူနဲ့ ပျံ့နှံ့သွားခဲ့ပါတယ်။
“ဒေါက်တာ ဖြိုးဝေလင်း၊ သားသား၊ မိစန္ဒီ ၊ ကျနော် ဖြိုးပြည့်စုံတို့ ၄ ယောက် ပေါင်းပီး နောက်ထပ် ကျန်းမာရေး သီချင်းလေးတပုဒ် ဆေးယဉ်ပါးမှု ပြဿနာအတွက်ပါ။ ကျနော်တို့ ပြည်သူတွေ လွယ်လွယ်ကူကူ စပ်ဆေးတွေ သောက်တတ်ကြလို့ စပ်ဆေးကြောင့် ဖြစ်လာမယ့် ကြောက်စရာ ကျန်းမာရေး အန္တရာယ်ကို သီချင်းလေးနဲ့ ဖန်တီးသီဆိုထားကြပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
ဒီသီချင်းကိုတော့ WHO (Myanmar) ၊ NHL (MOHS) နဲ့ Hello ဆရာဝန်တို့က ပူးပေါင်းတင်ဆက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီသီချင်းလေးကလည်း ပြည်သူအကျိုးပြုသီချင်း ဖြစ်ပါတယ်။ ဒီတခါ အကျိုးပြုတဲ့ သီချင်းကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေမှာ ကျန်းမာရေးအတွက် အသိပညာတိုးမယ့် သီချင်းလေး တပုဒ်လို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ဆီမှာ စပ်ဆေးဆိုတာ သောက်ဖြစ်ကြတယ်။ ဒါတွေက မသောက်သင့်တဲ့အရာတွေ၊ နောက်ပြီးတော့ စပ်ဆေးသောက်ခြင်းကြောင့် ပိုဆိုးလာတာတွေ အသိပညာပေးထားတာပါ။ မကြာခင် ထွက်တော့မှာပါ” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
“Go away Corona” သီချင်းကိုရေးစပ်ပေးထားတဲ့ ဒေါက်တာ ဖြိုးဝေလင်းကပဲ ရေးသားထားတာဖြစ်ပြီး ဖြိုးပြည့်စုံ၊ သားသား၊ မိစန္ဒီတို့က ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။
“နားဆင်အားပေးပါ။ ပရိသတ်တွေနားထောင်လိုက်တာနဲ့ ချက်ချင်းခေါင်းထဲကို ရောက်ပြီးတော့ ဘာတွေ မလုပ်သင့်လဲ၊ ဘာတွေလုပ်သင့်လဲဆိုပြီးတော့ သိသွားအောင် သေချာ ကြိုးစားထားပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။
ဒီသီချင်းကိုတော့ ယနေ့၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာများမှာ တင်ဆက်ထားပါတယ်။
You may also like these stories:
မွေးနေ့လက်ဆောင် ပေးတာထက် သီချင်းတွေကို ပိုအားပေးစေချင်တဲ့ မိစန္ဒီ
COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ
“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ