ကျိုက်ထီးရိုးတောင်ပေါ်မှာ ချို့တဲ့အထမ်းသမား မိသားစု ၉၀၀ ကျော်ရှိပြီး အဆိုပါ မိသားစုများအတွက် အဆိုတော် ထူးအယ်လင်းက အလှူငွေ မတည်ပြီး စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော် ရှိပါတယ်။ အထမ်းသမား ၁ အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တထုပ်၊ ကုလားပဲဝါ ငါးဆယ်သား တထုပ်၊ ၇ ရက် တပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ် တထုပ် အစရှိတဲ့ ရိက္ခာများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ မှီတင်း အထမ်းသမား အိမ်ထောင် ၉၀၀ ကျော်ကို သွားရောက် ဝေမျှ ကူညီပံ့ပိုးပါမယ်” လို့ ထူးအယ်လင်းက ပြောပါတယ်။
အဆိုတော် ထူးအယ်လင်းက ငွေကျပ် ၅ သိန်း မတည်ပြီး ပါဝင်လှူဒါန်းမယ့် အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်။
“သွားရောက်ကူညီရာမှာ တောင်ခြေမှ ထိုသူတို့ အိမ်ထောင်စုကို စာရင်းကောက်၍ ခေါ်ယူဝေမျှမှာ ဖြစ်ပါတယ်။ ကျနော်မှ စတင် ၅ သိန်း မတည်ပါမယ်ခင်ဗျ။ ပါဝင်ကုသိုလ်ပြု လှူဒါန်းကူညီမယ့် ၇ ရက် သားသမီး/ရာဟုသားသမီးအပါ အလှူရှင်များကို ဖိတ်ခေါ်ပါတယ်။ နည်းများ မဆိုပါ”လို့ ထူးအယ်လင်းက ပြောထားပါတယ်။
အိမ်ထောင် ၉၀၀ ကျော်အတွက် တအိမ်ထောင်စာကို ဆန် ၆ ပြည်၊ ကြာဆံထုပ်၊ ကုလားပဲနဲ့ တပတ်စာ စားနိုင်တဲ့ ငပိကြော် စတာတွေကို ကျိုက်ထီးရိုးတောင်ခြေအရောက် ခေါ်ယူ ဝေမျှပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အလှူကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့ စနေနေ့ မနက်မှာ သွားရောက် လှူဒါန်းမှာဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ညနေထိ နောက်ဆုံးပါဝင် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
You may also like these stories:
မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း
စစ်ဘေးရှောင်တွေကို သွားလှူရင်း ထူးအယ်လင်းတို့အဖွဲ့ တိုက်ပွဲကြောင့် အခက်တွေ့
အရေးကြီးတဲ့အချိန် ဖြစ်လာရင် ဆန်လှူဖို့ စီစဉ်နေတဲ့ အဆိုတော် ထူးအယ်လင်း