COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် Stay home နေရချိန်မှာ အပြင်မသွားဘဲ အိမ်မှာပဲ သီချင်းနဲ့ ပတ်သက်တာတွေ လုပ်ကိုင်ဖြစ်နေတယ်လို့ ယွန်းမြတ်သူက ဆိုပါတယ်။
“အခုချိန်မှာတော့ ညီမ အပြင်မထွက်ဘူး။ သီချင်းသွင်းတဲ့ တရက်လောက်ပဲ ထွက်တယ်။ အပြင်မသွားဘဲ အိမ်မှာပဲ နေပါတယ်။ သီချင်းနဲ့ ပတ်သက်ပြီး လုပ်လို့ရမှာတွေကို ပြင်ဆင်နေပါတယ်။ သီချင်းရိုက်ဖို့တော့ ရှိတယ်။ ဒါပေမဲ့လည်း ကိုယ့်မိသားစုရော၊ ကိုယ့်သီချင်းကို ရိုက်ပေးမယ့်သူတွေ၊ သရုပ်ဆောင်ပေးမယ့်သူတွေမှာလည်း မိသားစုတွေ ရှိတော့ သူတို့ကိုလည်း ကြည့်ရတာပေါ့။ အဲ့အတွက် သီချင်းရိုက်ကူးမှု မလုပ်သေးဘူး”လို့ ယွန်းမြတ်သူက ပြောပါတယ်။
ကိုဗစ်ကာလမှာ မဖြစ်မနေ အပြင်ထွက် အလုပ်လုပ်နေရသူတွေကိုလည်း ကျန်းမာရေး ဂရုစိုက်ကြဖို့ ယွန်းမြတ်သူက အခုလို ဆိုပါတယ်။
“အခုက ကိုဗစ်ကာလလည်းဖြစ်နေတော့ စားဝတ်နေရေး ကျပ်တည်းနေတာလည်း ရှိတယ်။ အခုလို ရောဂါတွေ ရှိနေပေမယ့် အလုပ်လုပ်နေရသူတွေရှိတယ်။ အဲ့ထဲမှာ ညီမ ပရိသတ်တွေလည်း ပါဝင်သလို၊ ပရိသတ် မဟုတ်သူတွေလည်း ပါနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ။ Mask တပ်တာတို့၊ လက်ဆေးတာတို့ လုပ်ကြပါ”
“ဖြစ်နိုင်ရင်တော့ အပြင်မသွားစေချင်ဘူး။ ရောဂါက မပျောက်သေးဘူး။ ကိုယ်တိုင် ကာကွယ်ခြင်းက ကိုယ့်မိသားစုကို ကာကွယ်ခြင်းပဲဆိုတော့ ကိုယ်တိုင် ရောဂါမကူးစက်အောင် ကာကွယ် နေထိုင်ကြပါ”လို့ ယွန်းမြတ်သူက ပြောပါတယ်။
ကိုဗစ်လူနာတွေကို ရှေ့တန်းကနေ တိုက်ပွဲဝင် ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအတွက် ယွန်းမြတ်သူက အခုလိုပဲ အားပေးစကား ပြောထားပါတယ်။
“အခုလိုချိန်မှာ အသက်ကို စွန့်ပြီး ကိုယ်ကျိူးစွန့်ပြီး အားလုံးကို စောင့်ရှောက်ပေးနေတဲ့အတွက် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer ပရဟိတသမားတွေကို အရမ်း လေးစားတယ်။ သူတို့တွေသာမရှိရင် မတွေးရဲစရာပဲပေါ့။ ရှေ့တန်းကနေ ထိန်းချုပ်ပေးနေတဲ့သူအားလုံးကို ဂါရဝပြုပါတယ်”
“သူတို့တွေကြောင့် ရောဂါထိန်းချုပ်နိုင်တာ။ အားလုံး အားတင်းထားပါ။ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer ပရဟိတသမားတွေကို သနားကြပါ။ အပြင် မလိုအပ်ဘဲ မသွားပါနဲ့ဦး။ ညီမကိုယ်တိုင်လည်း အပြင်မထွက်ဘဲ သီချင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ရမလဲ ဆိုတာပဲ ပြင်ဆင်တယ်”လို့ ယွန်းမြတ်သူက ပြောပါတယ်။
အဆိုတော် ယွန်းမြတ်သူကတော့ “အချစ်ဟူသည်” သီချင်း Cover ဆိုရင်း ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပြီး၊ သူမရဲ့ “အဆင်ပြေမနေပါဘူး” သီချင်းနဲ့ “နင် လမ်းတွေ့ခဲ့ရင်” သီချင်းတွေက ပရိသတ်တွေကြားမှာ အထူး အားပေးမှု ရရှိခဲ့ပါတယ်။
You may also like these stories:
“Go away Corona” လို အကျိုးပြုသီချင်းသစ် ထပ်ဆိုထားတဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီ
“ကိုယ့်ပိုက်ဆံနဲ့ ကျောင်းတက်ချင်လို့ ကားရောင်းတာပါ”လို့ ပြောတဲ့ ဟန်တီ
COVID-19 ကူးစက်ခံရတဲ့အကြောင်း ပြောပြတဲ့ အလှမယ် မေဘရဏီသော်