COVID-19 ရောဂါ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာချိန်မှ စပြီး ယခုချိန်ထိ Volunteer လုပ်ကိုင်နေတဲ့ လူရွှင်တော် အောင်သော်က သူ့နေ့စဉ် လုပ်ကိုင်နေရတဲ့ ပရဟိတ အလုပ်တွေအကြောင်း အခုလိုပဲ ပြောပါတယ်။
“နေ့စဉ် လုပ်ရတဲ့ ပရဟိလုပ်ငန်းကတော့ Positive Contact တွေ သယ်ရတယ်။ ဆေးတွေ ဖျန်းရတယ်။ ရက်ပြည့်လို့ ပြန်ရမယ့်သူတွေ ကို ပြန်ပို့တယ်။ ဒါတွေက နေ့စဉ် လုပ်နေရတာတွေပေါ့။ ခက်ခဲမှုကတော့ သိပ်မရှိဘူး။ လုပ်လာတာလည်း ၇ လကျော်လောက် ရှိနေပြီဆိုတော့ ခက်ခဲမှု မရှိဘူး။ နေ့စဉ် ကားဆီဖိုး၊ ပြင်ဆင်စရိတ်တို့ ကုန်တာပေါ့။ ဦးဇော်ဇော်တို့ကလည်း ဆီဖိုး တလ ကူညီပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ်။ အခုတော့ ဆီဖိုး လှည့်ပတ်နေရတယ်”လို့ အောင်သော်က ပြောပါတယ်။
ရောဂါက လျော့မသွားဘဲ တရက်ထက် တရက် ပိုတိုးလာတာကြောင့် မလိုအပ်ရင် အပြင်မထွက်ကြပါနဲ့လို့ အောင်သော်က ဆိုပါတယ်။
“ဒီလိုပါပဲ အခုတော့ အသင်းကို ရေရှည်ရပ်တည်နိုင်အောင် ကံစမ်းမဲ လုပ်နေပါတယ်။ အပြင်ထွက်ပြီးအလုပ်လုပ်နေကြတဲ့သူတွေ Mask ကို သေချာ တပ်ဖို့ ပြောချင်တယ်။ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါဆိုတော့ အပြင်ထွက်ဖို့ မလိုရင်တော့ မထွက်ကြနဲ့ပေါ့။ ထွက်ဖို့ လိုရင်တော့ ထွက်ကြပေါ့။ ရောဂါက တိုးတိုးလာတယ်ပဲ ရှိတယ်။ လျော့မသွားဘူး။ အသက်အန္တရာယ် ရှိတယ်။ လက်မဆေးရင်တောင်၊ Mask တပ်ရင် အန္တရာယ်ကင်းပါတယ်”လို့ အောင်သော်က ပြောပါတယ်။
ကိုယ်တိုင်လည်း Volunteer လုပ်သလို၊ ဇနီးနဲ့ သမီးဖြစ်သူကိုလည်း Volunteer အနေနဲ့ COVID-19 လူငယ်ရေးရာ အဖွဲ့ထဲ ထည့်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရန်ကုန်က စီးပွားရေး မြို့တော်လည်း ဖြစ်တယ်။ အဓိက အချက်အချာကျတဲ့ နေရာလည်း ဖြစ်တဲ့အတွက် စည်းကမ်းလေး လိုက်နာကြရင် အကောင်းဆုံးပေါ့။ ဘယ်ချိန်ပြီးမလဲ မသိတဲ့ ဒီရောဂါကြီး မြန်မြန် ပြီးဆုံးသွားရင် အကောင်းဆုံးပေါ့။ ကျနော်တို့လည်း ပွဲတွေ ကချင်နေပြီ။ ပွဲကခဲ့တာတွေကို သတိရနေပြီ”
“ကျနော့် အမျိုးသမီးနဲ့ သမီးလည်း Second wave မှာ Volunteer လုပ်နေကြတယ်။ ကျနော့်ဆီမှာတော့ မဟုတ်ဘူး။ Volunteer COVID-19 လူငယ်ရေးရာ အဖွဲ့ထဲ ထည့်ပေးထားတယ်။ ကျနော်လည်း သွားတွေ့လို့ ရတယ်လေ”လို့ အောင်သော်က ပြောပါတယ်။
Volunteer လုပ်ကိုင်နေတဲ့ ပုံကို ပန်းချီဆွဲပေးတဲ့အတွက် အရမ်းပျော်တယ်လို့ သူက ဆိုပါတယ်။
“ကျနော့် ပုံလေးကို ပန်းချီလေးဆွဲပေးတာ ကျေးဇူးတင်တယ်။ ကျနော့်မှာ မှတ်တမ်းဆိုတာ မရှိခဲ့ဘူး။ ငယ်ငယ်တုန်းက ပုံတွေတောင်မရှိဘူး။ ကျနော့်ကို ကိုဝင်းမောင်မောင် ပန်းချီဆရာကနေ ကျနော့် ပုံလေးဆွဲပေးတော့ ပျော်တာပေါ့။ အမှတ်တရလည်း ဖြစ်တယ်။ ပျော်ရပါတယ်။ အရမ်းပင်ပန်းတာတွေ ရလိုက်တော့ အရမ်းစိတ်ပျော်ရွှင်ရတယ်”လို့ အောင်သော်က ပြောပါတယ်။
လူရွှင်တော် အောင်သော်ဟာ လက်ရှိ ကိုဗစ်ကာလမှာ Volunteer တယောက်အနေနဲ့ သူ့ရဲ့ GMW ပရဟိတအသင်းနဲ့ အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အောင်သော်ကတော့ “Five Star” လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်ပြီး ဟာသ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။