Netflix ကနေ ပြသခဲ့တဲ့ “A Suitable Boy” စီးရီးထဲမှာ ဟိန္ဒူဘာသာဝင် မိန်းကလေးတဦးက ဟိန္ဒူဘုရားကျောင်းတကျောင်းကို နောက်ခံထားပြီး မူစလင် ကောင်လေးတဦးနဲ့ နမ်းခဲ့တဲ့ ဇာတ်ဝင်ခန်း ပါဝင်မှုကို အာဏာရပါတီအဖွဲ့ဝင်တွေက ကန့်ကွက်ခဲ့ကြပြီးနောက် အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ အိန္ဒိယပြည်နယ်တခုက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီစီးရီးဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော်စာရေးဆရာ တယောက်ဖြစ်တဲ့ Vikram Seth ရေးသားခဲ့တဲ့ အင်္ဂလိပ် ဝတ္ထုတပုဒ်ကို အခြေခံထားတာဖြစ်ပြီး မိန်းကလေးငယ်တဦးရဲ့ ခင်ပွန်းလောင်းရှာပုံတော် ဖွင့်ခန်းကို ဇာတ်အိမ် တည်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ကို အိန္ဒိယဒါရိုက်တာ Mira Nair က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအလယ်ပိုင်းက Madhya Pradesh ပြည်နယ်ရဲ့ ပြည်ထဲရေး ဝန်ကြီး Narottam Mishra က “အဲ့ဒါဟာ ဘာသာရေးတခုရဲ့ ခံစားချက်တွေကို ထိခိုက်စေခဲ့တဲ့ လုံးဝ လက်ခံနိုင်ဖွယ် မရှိတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်ပါတယ်။ အဲ့ဒီအငြင်းပွားဖွယ် အချက်အလက်ကို စစ်ဆေးပေးဖို့နဲ့ ဘာသာရေးအမြင်ကို ထိခိုက်စေတဲ့အတွက် အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာကို ဘယ်လို တရားစွဲဆိုမှု လုပ်ဆောင်နိုင်မလဲဆိုတာကို ဆုံးဖြတ်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်” လို့ Twitter မှာ ပြောဆိုထားပါတယ်။
Madhya Pradesh ပြည်နယ်ကို အစိုးရတဲ့ အိန္ဒိယနိုင်ငံရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီရဲ့ လူငယ်ရေးရာ ခေါင်းဆောင် Gaurav Tiwari ကတော့ Netflix ကို သီးခြား တိုင်တန်းချက်တခု တင်သွင်းထားပြီး တကယ်လို့ဟာ အဲ့ဒီစီးရီးကို သူတို့ရဲ့ အွန်လိုင်းပလက်ဖောင်းကနေ ဖြုတ်မချပေးဘူးဆိုရင် ဟိန္ဒူဘာသာဝင်တွေရဲ့ လမ်းပေါ်ထွက်ဆန္ဒပြတာကို ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ပါတယ်။
Netflix India ရဲ့ ပြောခွင့်ရသူတဦးကတော့ ရဲတပ်ဖွဲ့ရဲ့ တိုင်တန်းချက်နဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးသူတွေကတော့ အိန္ဒိယမှာ ဖန်တီးမှုဆိုင်ရာ လွတ်လပ်ခွင့်ဘောင်ဟာ ကျဉ်းမြောင်းနေဆဲဖြစ်ပြီး အထူးအားဖြင့် ဟိန္ဒူ၊ မူစလင် ဆက်ဆံရေးအပေါ် ပုံဖော်မှုတွေလည်း ပါဝင်နေကြောင်း ပြောဆိုတာမျိုး ရှိနေပါတယ်။
အိန္ဒိယနိုင်ငံသား အများပြားကတော့ Netflix ကို သပိတ်မှောက်ကြဖို့ Twitter ပေါ်မှာ တောင်းဆိုထားကြပြီး တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ Tata လုပ်ငန်းစုရဲ့ ဌာနခွဲတခုဟာ ကလေးရေချိုးမင်္ဂလာပွဲ ကျင်းပနေတဲ့ ဟိန္ဒူ-မူစလင် မိသားစု တစုကို ထည့်သွင်းအသုံးပြုထားတဲ့ လက်ဝတ်ရတနာ ကြော်ငြာတခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ပြန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့အပြင် သူတို့ရဲ့ ဆိုင်တဆိုင်ဟာလည်း ခြိမ်းခြောက်ခံခဲ့ရတာကြောင့် အဲ့ဒီကြော်ငြာကို ဖယ်ရှားခဲ့ရပါတယ်။
အခုလ အစောပိုင်းတုန်းကတော့ Netflix, Amazon Prime Video နဲ့ Walt Disney ရဲ့ Hotstar တို့အပါအဝင် ဗီဒီယို Streaming ပလက်ဖောင်းတွေပေါ်မှာ အချက်အလက်တွေကို စည်းကမ်းသတ်မှတ်ဖို့ စည်းမျဉ်းတွေကို အိန္ဒိယအစိုးရက ကြေညာခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
ကိုဗစ်နဲ့ ပတ်သက်ပြီး ဆေးပညာအသင်းကို ဝေဖန်ခဲ့တဲ့ အင်ဒိုနီးရှား ဂီတပညာရှင် ထောင်ကျ
ယောဂကျင့်တာထက် ကားကို မပြီး လေ့ကျင့်ခန်းသာ လုပ်မယ်လို့ ပြောတဲ့ Jason Momoa
ကိုဗစ် ပထမလှိုင်းကတည်းက ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ အောင်သော်