အဆိုတော် လေဒီဂါဂါဟာ ရုပ်ရှင်အသစ် တကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မင်းသား Bradley Cooper နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ “A Star Is Born” ရုပ်ရှင်က တော်တော်လေး အောင်မြင်ခဲ့ပြီးတဲ့နောက် အဆိုတော်၊ မင်းသမီး ဂါဂါဟာ မင်းသား ဘရက်ပစ် ပါဝင်မယ့် “Bullet Train” ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ကားမှာ ပါဝင်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။
အဲ့ဒီသတင်းရဲ့အဆိုအရ ဂါဂါဟာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲအဆင့်မှာ ပဲရှိနေသေးတယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဆွေးနွေးညှိနှိုင်းမှုတွေက ကနဦးအဆင့်သာ ရှိသေးတဲ့အတွက် သဘောတူညီချက် ရထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ဂါဂါ ပါဝင်သရုပ်ဆောင်ရမယ်ံ ဇာတ်ကောင်အကြောင်း မသိရသေးပေမယ့် ရွှေကမ္ဘာလုံးဆုရ မင်းသမီးတယောက်ဖြစ်တဲ့ သူ့အတွက် အတွေ့အကြုံအသစ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
“Bullet Train” ရုပ်ရှင်ကတော့ “Maria Beetle” လို့ အမည်ရတဲ့ စာရေးဆရာ Kotaro Isaka ရဲ့ စာအုပ်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားဆန်းကြယ်တဲ့ အခြေအနေတခုကြောင့် ရထားတဦးပေါ်မှာ တွေ့ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူ ၅ ဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
အဆိုတော်၊ မင်းသမီး လေဒီဂါဂါကတော့ သရုပ်ဆောင်တာကို သူသဘောကျတယ်လို့ မကြာသေးခင်တုန်းက ပြောဆိုထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက “A Star Is Born” အထူးပွဲမှာ သူက “ကျမက သရုပ်ဆောင်တဦးအနေနဲ့ ဖြစ်မလာနိုင်ခဲ့ပါဘူး။ ကျမက လူရွေးပွဲမှာ အခြေအနေ ဆိုးခဲ့တာပါ။ ကျမက အလုပ်တခုကိုတောင် မရခဲ့ပါဘူး” လို့ ပြောဆိုခဲ့ဖူးပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ မင်းသား Bradley နဲ့အတူ အလုပ်တွဲလုပ်ရတဲ့အကြောင်းကိုတော့ သူက “ကျမအတွက် ဒီဖြစ်စဉ်ရဲ့ စိန်ခေါ်မှုအများဆုံးအပိုင်းကတော့ ဇာတ်ကောင်အတွက် လိုအပ်တဲ့ စိတ်ထိခိုက်နာကျင်ဖို့ ဖြစ်ဖို့ လိုတာပါပဲ။ ဒါပေမဲ့ သူက ကျမကို စိတ်သက်သောင့်သက်သာ ဖြစ်စေတယ်။ ကျမ အရင်တုန်းက မကြုံခဲ့ရဖူးတဲ့ စိန်ခေါ်မှုတွေအတိုင်း သူ ကျမကို စိန်ခေါ်ပေးခဲ့တယ်။ အဲ့ဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် ဂါဂါဟာ သူ့ရဲ့ဂီတလုပ်ငန်းကို အာရုံစိုက်ထားတယ်လို့ မကြာသေးခင်လတွေတုန်းက ပြောဆိုခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ မေလမှာ “Chromatica” အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီအယ်လ်လမ်ဟာ Billboard 200 ဇယားမှာလည်း ထိပ်ဆုံးအထိ ရောက်ခဲ့တာကို တွေ့ရပါတယ်။
“Born This Way” အဆိုတော် ဂါဂါဟာ ပြီးခဲ့တဲ့ နွေရာသီကာလမှာ နယ်လှည့် ဖျော်ဖြေပွဲတခုကို ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
Ref: aceshowbiz
You may also like these stories:
ဘုရားကျောင်းရှေ့မှ အနမ်းဇာတ်ဝင်ခန်းကြောင့် အိန္ဒိယမှာ Netflix သပိတ်မှောက်ခံရ
ကိုဗစ်နဲ့ ပတ်သက်ပြီး ဆေးပညာအသင်းကို ဝေဖန်ခဲ့တဲ့ အင်ဒိုနီးရှား ဂီတပညာရှင် ထောင်ကျ
ယောဂကျင့်တာထက် ကားကို မပြီး လေ့ကျင့်ခန်းသာ လုပ်မယ်လို့ ပြောတဲ့ Jason Momoa