အဆိုတော် မေက မကြာခင်မှာ အသစ်ထွက်မယ့် သူ့ရဲ့ “The Journey” ဆိုတဲ့ သီချင်းသစ်ကိုတော့ မထွက်ရှိခင် ဇာတ်လမ်းပုံစံ ၄ ခုနဲ့ ချိတ်ဆက် တင်ဆက်ထားပါတယ်။ အပိုင်း ၁ ကို ပြီးခဲ့တဲ့ ၃ ရက်က မေရဲ့ Facebook Page ကနေ စတင်ခဲ့တာဖြစ်ပြီး တနေ့ ၁ ပိုင်းနဲ့ ၄ ပိုင်းအထိ တင်ပြီးပြီ ဖြစ်ပါတယ်။
“၂၄ ရက်နေ့မှာ မေ့ရဲ့သီချင်းအသစ် The Journey ဆိုတဲ့ သီချင်းအသစ်ကို ထွက်ပါမယ်။ အဲ့သီချင်းအတွက် အပိုင်း ၁ ၊ ၂ ၊ ၃ ၊ ၄ ကိုတင်ထားပါတယ်။ အားလုံးကိုလည်း ကြည့်စေချင်ပါတယ်။ ထွက်လာမယ့် သီချင်းက ဒီအပိုင်းတွေကို ကြည့်မှ အရသာရှိမှာမို့လို့ပါ။ အားလုံးကို ချိတ်ပြီးတော့ ရိုက်ထားတာဖြစ်လို့ပါ” လို့ မေက ပြောပါတယ်။
ဒီအပိုင်း ၄ ပိုင်းမှာတော့ သူ့ရဲ့ထွက်ရှိပြီးသား သီချင်းတွေကို ဇာတ်လမ်း ပုံစံချိတ်ဆက်ကာ တင်ဆက်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းတွေ ဖြစ်လာဖို့အတွက် အချိန် ၁၀ လ ခန့်ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။

“ထွက်ပြီးသားသီချင်းတွေကို ဇာတ်လမ်းလိုတွေ ရူးပြီး ပြန်ရိုက်နေတာမဟုတ်ပါဘူး။ ကိုယ့်ပရိသတ်အစစ်တွေအတွက် အမှတ်တရ Album လေး လုပ်ချင်လို့ ၂၄ ရက်နေ့ထွက်မယ့် The Journey သီချင်းကလည်း အရှေ့က သီချင်းတွေနဲ့ သေသေချာချာ Concept တွေ ချိတ်ပြီး ရိုက်ထားလို့ပါ။ အားလုံးသေချာစီစဉ်ပြီး ရိုက်ခဲ့တာပါ”လို့ မေက ပြောထားပါတယ်။
အခွေထုတ်ဖို့အတွက် စီစဉ်ခဲ့ပေမယ့် ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ ငွေကြေးအရ မလုပ်နိုင်တော့တဲ့အတွက် Facebook ကနေသာ တင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဝမ်းနည်းတာတခုက ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ အခြားကိစ္စတွေအတွက် ငွေကြေးအရရော၊ Album လေး ဆက်မလုပ်ဖြစ်တော့တာပါ။ ဒါပေမဲ့ အခုလို Facebook ကနေပဲ တင်ရတော့လည်း ပရိသတ်တွေအားလုံးနဲ့ Comment တွေ အပြန်အလှန်ပေး၊ စကားတွေ ပြောရတာလည်း ပျော်မိပါတယ်” လို့ မေက ဆိုပါတယ်။
“ဒီ Journey အတွက် ကျမအများကြီး စိတ်ပင်ပန်းရပါတယ်။ လွန်ခဲ့တဲ့ ၉ လလောက်ကတည်းက လုပ်နေတာပါ။ အချစ်သီချင်းတပုဒ် ချိုချိုလေး ဖန်တီးလိုက်ရင် ပရိသတ်ကြိုက်ကြမှာ သိပါတယ်။ ဘာလို့ ဒီလိုတွေ ခက်ခက်ခဲခဲ စဉ်းစားပြီးလုပ်ခဲ့လဲ။ ကျမ ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့အစိတ်အပိုင်းတချို့ကို ကျမ ပရိသတ်အစစ်တွေကို ဇာတ်လမ်း (သီချင်း)ထဲကနေ ပြောပြချင်တာပါ” လို့ မေက ပြောပါတယ်။
တင်ဆက်ပြီးသွားပြီဖြစ်တဲ့ အပိုင်း ၄ ပိုင်းမှာတော့ မေရဲ့ လူကြိုက်များပြီးသား သီချင်းတွေ ဖြစ်တဲ့ “မင်းကို ချစ်လို့” ၊ “Lost” ၊ “ဖြေပါ Baby” ၊ “Goodbye” သီချင်းများနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။
You may also like these stories:
“အပျိုကြီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် မီးနို
ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်
ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy