ကမ္ဘာကျော် “Jaws” ရုပ်ရှင်တွေထဲက ဖိုင်ဘာဖန်သားနဲ့ ပြုလုပ်ထားတဲ့ ငါးမန်းကြီး Bruce ကို အနီးကပ်ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။ အလေးချိန် ၁၂၀၈ ပေါင်ရှိပြီး ၂၅ ပေရှည်တဲ့ အသက် ၄၅ နှစ်အရွယ် ငါးမန်းကြီးဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ရိုက်ကွင်းမှာ တော်တော်လေး ကိုင်တွယ်ရ ခက်ခဲခဲ့တယ်လို့ နာမည်ကျော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ ရုပ်ရှင်အကယ်ဒမီ ပြတိုက်အသစ်မှာ ပြသဖို့အတွက် သူ့ကို သယ်ဆောင်လာခဲ့ကြပါတယ်။
ငါးမန်းကြီး Bruce ကို အထူးပြုလုပ်ချက်နဲ့ မိတ်ကပ်ပညာရှင် Greg Nicotero က ၇ လကြာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်တာ အပါအဝင် အခုလိုမျိုး ပရိသတ်တွေထံ ပြသဖို့ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပါတယ်။ အခု ငါးမန်းကြီးကတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ပြတိုက်မှာ အဓိက ဆွဲဆောင်နိုင်မယ့် အရာတခု ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါရိုက်တာကြီး Spielberg ရဲ့ ရှေ့နေ Bruce Ramer ရဲ့နာမည်ကို အစွဲပြုလို့ ငါးမန်းကြီးကို “Bruce” ဆိုပြီး Jaws ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေက စတင်ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ Bruce ကို Jaws ရုပ်ရှင်ထဲကလို ပြတိုက်မှာ လှုပ်လှုပ်ရှားရှား အနေအထားနဲ့ ပြသမှာ မဟုတ်ဘဲ အတုသဘောမျိုးနဲ့ ခင်းကျင်းပြသမယ်ဆိုတာကိုလည်း ပရိသတ်တွေက သိရှိထားကြပါတယ်။
စက်တွေနဲ့ ဖန်တီးထားခဲ့တဲ့ Great Whites (ငါးမန်းဖြူ) ၃ ကောင်ကို အနုပညာဆိုင်ရာ ဒါရိုက်တာ Joe Alves က ဖန်တီးခဲ့တာဖြစ်ပြီး ရိုက်ကူးရေး လုပ်ငန်းတွေ ပြီးဆုံးသွားခဲ့တဲ့အခါ အဲ့ဒီ ငါးမန်းရုပ်တွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ဟာ ဝင်ငွေ အထူးကောင်းမွန်လာတဲ့အတွက် စတုတ္ထမြောက် ငါးမန်ကို မူရင်း ပုံသွန်းလောင်းမှုကနေ ထပ်မံ ဖန်တီးခဲ့ကြပါတယ်။ ဟောလိဝုဒ်မှာရှိတဲ့ Universal Studios မှာ ၁၅ နှစ်ကြာ ချိတ်ဆွဲပြသခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ငါးမန်းကြီး Bruce ကို ပေ ၇၀ ရှည်တဲ့ကားနဲ့ Fairfax Avenue နဲ့ Wilshire Boulevard မှာရှိတဲ့ ပြတိုက်ဆီ သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အခုတခါ အသစ်ပြန်လည် ဖန်တီးမှုအရ မီးအလင်းရောင်ခံနိုင်ရည်စွမ်းကို အထူးခံနိုင်အောင် ပြုလုပ်ထားတဲ့အတွက် ငါးမန်းကြီး Bruce ရဲ့သွား ၁၁၆ ချောင်းလုံးကို ပရိသတ်တွေက ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ref: AP
You may also like these stories:
ဘောလုံးသမားဘဝထက် ဗီဒီယိုဂိမ်း ကစားသမားဘဝမှာ ငွေပိုဝင်နေတဲ့ ဒေးဗစ်ဘက်ခမ်း
အပိုင်း ၄ ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ မေရဲ့ “The Journey” သီချင်းအသစ်
အယ်ဖြူနဲ့ အယ်နောင်းတို့ရဲ့ သီချင်းများကို ခွင့်ပြုချက် မရဘဲ သုံးစွဲခွင့်ပြုမည် မဟုတ်