The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ “ငယ်ကျွမ်းဆွေ” ဆိုတဲ့ သီချင်းနဲ့ ပြိုင်ခဲ့ရာမှာ Coach ၄ ဦးစလုံးရဲ့ လှည့်ကြည့်ခြင်းခံခဲ့ရတဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုးက လာမယ့်အပတ် Live သီဆို ယှဉ်ပြိုင်မှုမှာ ပရိသတ် ကြိုက်မယ့်သီချင်း ရွေးထားတယ်လို့ ဆိုပါတယ်။
“The Voice အခုလာမယ့် အပတ်မှာ Live show အစီအစဉ် စတော့မယ်။ ညီမတို့ ပြိုင်ပွဲဝင်တွေ အားလုံး ကိုယ့်သီချင်းပိုင်းမှာရော၊ အဝတ်အစားပိုင်းရော Coach တွေနဲ့ တိုင်တိုင်ပင်ပင် ရှိနေပါတယ်။ ညီမ သီဆိုမှုမယ့် သီချင်းက အလွမ်းအဆွေး သီချင်းပေါ့။ ပရိသတ်တွေ ကြိုက်မယ်ထင်တဲ့ သီချင်းကို ညီမ ရွေးထားတယ်။ ညီမ နေ့တိုင်း နားထောင်တယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
ဆက်လက်ပြီး ကိုဗစ်ကာလ ဖြစ်ပေမယ့် သီချင်းတိုက်ရတာ အခက်အခဲ မရှိဘဲ သတ်မှတ် စည်းကမ်းတွေအတိုင်း တိုက်ကြတယ်လို့ ပြောပါတယ်။
“ကျင့်တာတော့ နေ့တိုင်း မကျင့်ဖြစ်ဘူး။ သီချင်းက အော်ရတော့ အသံထိမှာစိုးလို့ နေ့တိုင်းပဲ နားထောင်ပါတယ်။ အခုက ကိုဗစ်ကာလဖြစ်ပေမယ့် အရမ်း အခက်အခဲ မရှိဘူး။ ဒီတခေါက်မှာ ပရိသတ်အကြိုက် လိုက်ထားပါတယ်။ ပရိသတ် ကြိုက်မယ်ထင်တဲ့ သီချင်းကို ရွေးထားပါတယ်”
“ညီမ နိုင်သလောက် တာဝန်လေးကို ညီမ ထမ်းပြီး ပရိသတ်ရှေ့ကို အရောက်လာခဲ့ပါမယ်။ သတ်မှတ် ထားတဲ့ စည်းကမ်းအတိုင်း လူကြီးတွေက ခပ်ခွာခွာမှာ နေတယ်။ Mask တပ်တယ်။ Hand gel သုံးပြီး သီချင်းတွေ တိုက်ကြပါတယ်”လို့ ခင်ရတနာစိုးက ဆိုပါတယ်။
ပြိုင်ပွဲတလျှောက် ပြိုင်ခဲ့ရတဲ့ Round တွေမှာ Blind နဲ့ Knockouts Round ကို အားရတယ်လို့လည်း သူက ပြောပါတယ်။
“ညီမတို့ ပြိုင်ခဲ့ရတာ ၃ ဆင့်ရှိပြီ။ အဲ့မှာ ညီမက Blind နဲ့ Knockouts ကို အားရတယ်။ Battle မှာတော့ မပိုင်နိုင်တဲ့ သီချင်းမို့ သိပ်အားမရခဲ့ဘူး။ အရာအားလုံးက ပရိသတ်ပေးတဲ့ အချစ်တွေနဲ့ပဲ ဆက်လက် သွားရတော့မှာဆိုတော့ Voting နဲ့ သွားရမှာဆိုတော့ ဖိုင်နယ်ဆိုတာကို ခေါင်းထဲ မထည့်ဘူး။ ဘာလို့လဲ ဆိုတော့ ညီမ ဖြစ်ချင်တာ ပရိသတ်ဆီက ချစ်ခင်မှုကို ရဖို့ပဲဆိုတော့ ဘယ်အဆင့်ထိပဲရောက်ရောက် ညီမကတော့ အကောင်းဆုံး ကြိုးစားသွားမယ်။ အခုလာမယ့် အပတ်မှာလည်း ပရိသတ်အကြိုက် လိုက်ထားတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ခင်ရတနာစိုးက Camp ဝင်နေပြီး ပြိုင်ပွဲဝင်တွေ အချင်းချင်းလည်း သီချင်းနဲ့ ပတ်သက်ပြီး အတူ တိုင်ပင်ဖြစ်တယ်လို့ ဆိုပါတယ်။
“အခု Camp ဝင်နေတာပါ။ မပန်၊ မဂျမ်း၊ မနော်ရယ်၊ ညီမရယ် ၄ ယောက် တခန်းတည်း အတူတူ နေတယ်။ အခု Camp ဝင်နေတာ ပျော်ရပါတယ်။ Team တခုဆီက ဆိုပေမယ့် အချင်းချင်း သီချင်းတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ပင်ဖြစ်တယ်။ ပြိုင်ဘက်တွေဆိုပြီးလည်း သဘောမထားကြဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲ။ တယောက်မှာ အဆင်မပြေတာရှိရင်လည်း ထောက်ပြတော့ အဆင်ပြေပါတယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
“The Voice Myanmar Season 3” ပြိုင်ပွဲဝင် ခင်ရတနာစိုးကတော့ မြန်မာသံ သီဆိုမှုအပြင် ဆိုင်းတီး ကျွမ်းကျင်သူ တယောက်ဖြစ်ပြီး ရွှေတံဆိပ်ဆုတွေလည်း ရရှိခဲ့ပါတယ်။ ခင်ရတနာစိုးက ၂၀၁၉ ခုနှစ်တုန်းကလည်း “Myanmar Idol” သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
အယ်ဖြူနဲ့ အယ်နောင်းတို့ရဲ့ သီချင်းများကို ခွင့်ပြုချက် မရဘဲ သုံးစွဲခွင့်ပြုမည် မဟုတ်
အပိုင်း ၄ ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ မေရဲ့ “The Journey” သီချင်းအသစ်
သီချင်း ၇ ပုဒ် ပါဝင်တဲ့ အဆိုတော် မီမီဝင်းဖေရဲ့ တကိုယ်တော်အခွေ ထွက်ရှိမည်