သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးကတော့ သူ့ရဲ့ အနုပညာအမွေ ဆက်ခံထားတဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင် မသင်ပေးဖြစ်ပေမယ့် အလုပ်နဲ့ ပတ်သက်ပြီး အလုပ်အပေါ် လေးစားဖို့၊ ချစ်မြတ်နိုးဖို့ သင်ပေးဖြစ်တယ်လို့ ဆိုပါတယ်။
“မေချိုက မြေးလေးကို အိုက်တင် မသင်ပေးဖြစ်ပါဘူး။ သူ့ဒါရိုက်တာကလည်း ကောင်းကောင်း သင်တယ်။ အခုခေတ် ကလေးတွေကလည်း လေ့လာတဲ့ ကလေးတွေဆိုတော့ မေချိုတို့ ခေတ်နဲ့ သူတို့ ခေတ် အိုက်တင်တွေ မတူတော့ အိုက်တင် မသင်ဘူး။ အချိန် လေးစားရမယ်၊ ဝိရိယ ရှိရမယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်ရမယ်၊ မြတ်နိုးရမယ်။ သစ္စာရှိရမယ်”လို့ ချိုပြုံးက ပြောပါတယ်။
ဆက်လက်ပြီး ချိုပြုံးက မြေးဖြစ်သူကို သူ့အိုက်တင်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ သွားတာမျိုးပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
“မေချိုကတော့ မြေးလေးကို တခုပဲ ပြောပြထားပါတယ်။ စကားပြောတဲ့နေရာမှာ ဒိုင်ယာလော့ကို စာလို မကျက်ပါနဲ့။ အကြောင်းအရာကို အရင်နားလည်အောင် လုပ်ပါလို့ ပြောပြထားပါတယ်။ သူ့အက်တင်နဲ့သူ၊ သူ့လမ်းကြောင်းလေးနဲ့သူ သွားတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ မေချို့ရဲ့ အက်တင်တွေလည်း သူ့ဆီမှာ ပါသွားတာမျိုး မဖြစ်စေချင်ဘူ။ မေချိုဆိုလည်း ရုပ်ရှင်စရိုက်တုန်းက ဇာတ်ကားတွေတောင် သိပ်မကြည့်ခဲ့ဖူးဘူး။ ကိုယ့်အက်တင်လေးနဲ့ ကိုယ်လုပ်ခဲ့တာပါ”လို့ ချိုပြုံးက ပြောပါတယ်။
လက်ရှိမှာတော့ ကိုဗစ်ကာလဖြစ်နေတာကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရပြီး ဝင်းခန့်မိုး ပါဝင်ထားတဲ့ ဇာတ်ကားကလည်း ရုံမတင်ဖြစ်သေးတဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။
“မြေးလေးက အခုမှ၂၀ ပြည့်တာ။ သူ့အသက် ၁၈ လောက်ကမှ ရွှေကြို စလုပ်တာ။ ငယ်သေးတော့ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ သိပ်မသိသေးဘူး။ အိမ်မှာလည်း အဖေလုပ်သူက အရမ်းချစ်တော့ အခွင့်ထူးခံလည်းဖြစ်နေတော့ သူအနုပညာလေး လုပ်ရမယ် ဆိုတဲ့အချိန်မှ ကိုဗစ်က ဖြစ်နေတော့ နည်းနည်းလေး စိတ်ဓာတ်ကျသလို ဖြစ်နေတယ်။ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ကားက ဧပြီလမှာ ပြဖို့လုပ်ထားတာ အခုရောဂါတွေ ဖြစ်တော့ ရုံတွေ ပိတ်ပြီး မပြရဘူး”
“ရိုက်နေတဲ့ ကားကလည်း တန်းလန်းကြီး မရိုက်ရတော့ သူ့အနေနဲ့ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်နေတာပေါ့။ သူ့ကိုပြောရတယ်။ သားသား ဒါဆုံးရှုံးတယ်လို့ မခေါ်ဘူး။ လူဆိုတာ ဒီလိုပဲ။ အခက်အခဲတွေကြားက ကြိုးစားအားထုတ်နေရတာပဲ။ လွယ်လွယ်နဲ့ရရင် ပေါ့ပေါ့လေးပဲ ထင်နေမှာ။ တန်ဖိုးထားမှာမဟုတ်ဘူး။ ကားမထွက်တဲ့ အရေးနဲ့ သူ့ကို လူတွေက မေ့သွားမလားဆိုပြီး ထင်နေတာ။ မမေ့ပါဘူးဆိုပြီး ပြောနေရတယ်”လို့ ချိုပြုံးက ပြောပါတယ်။
“အမေချို”လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အကယ်ဒမီ မင်းသမီးကြီး ချိုပြုံးကတော့ သရုပ်ဆောင် တဦးဖြစ်သလို၊ တေးသံရှင် တဦးလည်း ဖြစ်ပါတယ်။
You may also like these sotries:
“ကိုဗစ်ကာလမှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်”လို့ ပြောတဲ့ ချိုပြုံး
ကိုယ်တိုင် ဆုံးဖြတ်ပြီး ပထမဆုံး မဲပေးခဲ့တဲ့ သရုပ်ဆောင် ဝင်းခန့်မိုး
အသက် ၇၅နှစ်ပြည့်မှာ Show ပွဲလုပ်ဖို့ စိတ်ကူးထားတဲ့ အကယ်ဒမီ ချိုပြုံး