COVID-19 ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ မြိတ်ဒေသ အစားအစာဖြစ်တဲ့ ကတ်ကြေးကိုက် ရောင်းဖြစ်တဲ့အကြောင်း သရုပ်ဆောင် သူဇာပွင့်က အခုလိုပဲ ပြောပါတယ်။
“သူဇာပွင့်က မြိတ်သူပါ။ မြိတ်ဒေသအစားအစာဖြစ်တဲ့ ကတ်ကြေးကိုက်ကို ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားတော့ ဆိုင်ဖွင့်ပြီး ရောင်းဖြစ်သွားတယ်။ သူဇာပွင့် ရောင်းတဲ့ သုဝဏ္ဏဈေးဘေး လမ်းမပေါ်မှာ အိမ်ရဲ့တပိုင်တနိုင် ဆိုင်လေးကို ဖွင့်ထားပါတယ်။ ကတ်ကြေးကိုက်အပြင် ကဏန်းတွေ၊ ပင်လယ်စာတွေ၊ မြိတ်ငပိတွေလည်း ရှိတယ်။ မြိတ်ဒေသထွက်ပစ္စည်းတွေလည်း ရပါတယ်”လို့ သူဇာပွင့်က ပြောပါတယ်။
ကိုယ်တိုင် လုပ်ရောင်းတဲ့ ကတ်ကြေးကိုက်ကို ဝယ်သူတွေက စားကောင်းတယ် ပြောကြပေမယ့် မကောင်းရင် မကောင်းကြောင်း ပြောဖို့ သူဇာပွင့်က ဆိုပါတယ်။
“ကတ်ကြေးကိုက်ကို မှာသူဆီ သွားပို့ရင် စားလို့ကောင်းတယ်လို့ ပြောကြတယ်။ သူဇာပွင့်ကတော့ ကောင်းတယ်ဆိုလည်းပြော၊ မကောင်းဘူးဆိုလည်းပြောလို့ ပြောထားတယ်။ ဝယ်သူတွေကိုလည်း အမြဲ ပြန်ပြန်မေးတယ်။ အဆင်ပြေတယ်၊ ကောင်းတယ် ပြောကြလို့ ဝမ်းသာရတယ်”
“အမြတ်ရတာ၊ မရတာထက် သူဇာပွင့်တို့ ကောင်းတဲ့ အစားအစာလေးတခုကို စားစေချင်တယ်။ အမြတ်နည်းနည်းနဲ့ အကုန်လုံး စားနိုင်အောင် ရောင်းပေးတာပါ”လို့ သူဇာပွင့်က ပြောပါတယ်။
အနုပညာရှင်တွေ ဈေးရောင်းတာကို ဝေဖန်နေကြတဲ့အပေါ်လည်း သူဇာပွင့်က အခုလို ဆိုပါတယ်။
“အခုလို ဈေးရောင်းနေတာကိုလည်း ဝေဖန်ကြတာတွေ ရှိတယ်။ နင်တို့ အနုပညာသမားတွေပဲ လုပ်စားနေတယ်လို့ ပြောတာတွေ ရှိတယ်။ သူဇာပွင့်တို့က လုပ်စားနေတာ မဟုတ်ဘူး။ လုပ်ကိုင်နေတာ။ လုပ်စားတယ်လို့ ပြောတဲ့သူကို ကြည့်လိုက်တော့ အသက် ၂၅၊ ၂၆ လောက်ပဲ ရှိသေးတယ်”
“သူသည် Facebook မှာ အဲ့လို လိုက်ပြောနေမယ့် အတူတူ လုပ်ကိုင်လိုက်ပါလား။ သူဇာပွင့်တို့ ဈေးရောင်းတယ်။ ကိုယ်ရောင်းတာကို ကောင်းကောင်း ပြန်ပေးတယ်။ သူများနေရာကို တွန်းချပြီး လုပ်ကိုင် စားနေတာ မဟုတ်ဘူး”လို့ ပြောပါတယ်။
လုပ်ကိုင်စားသောက်နေတာကို လုပ်စားတယ်လို့ ပြောတဲ့ အပေါ်မှာ တော်တော်ခံစားရတယ်လို့ ဆိုပါတယ်။
“ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ်ကျွမ်းကျင်တဲ့ ကိုယ့်ဒေသထွက် အစားအစာကို ကောင်းရောင်း ကောင်းဝယ်ရောင်းတာ။ လုပ်စားတယ်လို့ပြောတော့ စဉ်းစားတယ်။ လုပ်စားတယ်ဆိုတာ ဘာလဲ။ ငါများလုပ်စားနေလား စဉ်းစားတယ်။ သူဇာပွင့်တို့ တတ်နိုင်သလောက် လုပ်ကိုင်စားတယ်။ လုပ်မစားဘူး။ သူများအညွှန့် မချိုးဘူး။ လုပ်စားတယ် ပြောတော့ တော်တော် ခံစားရတယ်။ နောက် ဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ လုပ်စရာရှိတာ လုပ်နေရမှာပဲ”လို့ သူဇာပွင့်က ပြောပါတယ်။
သူဇာပွင့်ကတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တဦးဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ခပ်စွာစွာ အမျိုးသမီးတဦးရဲ့ ကာရိုက်တာနဲ့ လူသိများသူ ဖြစ်ပါတယ်။
You may also like these stories:
သားဖြစ်သူအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို
“မြေးလေးကို အလုပ်နဲ့ ပတ်သက်ပြီး လေးစားဖို့ သင်ပေးတယ်”လို့ ချိုပြုံး ပြော
“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ