သရုပ်ဆောင် စမိုင်းလ်က အသေးစား စီးပွားရေးလုပ်ငန်းများကို သူ့ရဲ့ Facebook Page မှာ “Smile Mart” ဆိုတဲ့ Post တင်ပြီး ကြာသပတေးနေ့တိုင်း အခမဲ့ ကြော်ငြာပေးသွားမယ်လို့ သိရပါတယ်။
“ကြာသပတေးနေ့တိုင်း ကျမရဲ့ Page မှာ Smile Mart ဆိုပြီး Post တင်ပေးပါမယ်။ အဲဒီပိုစ့်ရဲ့အောက်မှာ မိမိတို့ ရောင်းလို ဝယ်လိုသူများ လာရောက် ရောင်းချ ဝယ်ယူနိုင်ပါတယ်။ Small business တွေအနေနဲ့ Page ထောင်ပြီး Boost လုပ်ရင် ငွေကုန်ကြေးကျ များတာကြောင့် တော်ရုံအသေးစားစီးပွားရေးသမားတွေ အခုလို ကိုဗစ်အချိန်မှာ တပိုင်တနိုင် စီးပွားလုပ်နေသူတွေအတွက် ကြော်ငြာခပေးဖို့ အများကြီး မတတ်နိုင်သူများအတွက် အထူးရည်ရွယ်ပြီးတော့ လုပ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ စမိုင်းလ်က ပြောပါတယ်။
ဒီအစီအစဉ်ကိုတော့ အခုလို ကာလမှာ တနိုင်တပိုင် စီးပွားရေး လုပ်နေသူတွေ ကြော်ငြာခပေးဖို့ ဈေးအများကြီး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ကုန်ပစ္စည်းတွေအကုန် Smile Mart ပို့စ်အောက်မှာ ရောင်းနိုင်ဝယ်နိုင်ပါတယ်။ အဲဒီထဲကမှ အားလုံးအတွက် အဆင်ပြေမယ့်ပစ္စည်း (သို့မဟုတ်) စမိုင်းလ် ကိုယ်တိုင်ကြိုက်တဲ့ ပစ္စည်းများရှိပါက စမိုင်းလ် ကိုယ်တိုင်ရွေးပြီး ကုန်ပစ္စည်းအား အခမဲ့ ကြော်ငြာပေးသွားမှာဖြစ်ပါတယ်” လို့ စမိုင်းလ်က ဆိုပါတယ်။
အဆိုပါ Post အောက်မှာ အစားအသောက်၊ အသုံးအဆောင်၊ ကုန်ပစ္စည်းတွေအားလုံးကို ရောင်းနိုင်ဝယ်နိုင်မှာဖြစ်ပြီး ဒီထဲကမှ စမိုင်းလ် ကိုယ်တိုင်ကြိုက်တဲ့ပစ္စည်းဆိုရင်လည်း အခမဲ့ ကြော်ငြာပေးသွားမှာလို့ သိရပါတယ်။
ဒီကြော်ငြာအစီအစဉ်ကိုတော့ အပတ်စဉ် ကြာသပတေးနေ့၊ ည ၈ နာရီ အချိန်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ၂၄ နာရီအတွင်း အရောင်းအဝယ်များ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
“လူသန်းပေါင်းများစွာကြည့်တဲ့ Smile ရဲ့ Page ကနေ လူကြိုက်များသွားရင် မိမိရဲ့စီးပွားရေးလည်းအဆင်ပြေ အောင်မြင်သွားနိုင်ပါတယ်။ ကုသိုလ်တခုအနေနဲ့ ကျမရဲ့ Page ကို အသုံးချပြီး မိမိရဲ့ကိုယ်ပိုင်စီးပွားရေးတခု အောင်မြင်ဖို့ အခွင့်အရေးကို ကြာသာပတေးနေ့တိုင်း ည ၈ နာရီတွင် Smile Mart ကို ဈေးဖွင့်ပြီး ၂၄ နာရီအတွင်း အရောင်းအဝယ်များ ပြုလုပ်နိုင်ပါတယ်။ ၂၄ နာရီ ပြည့်သွားပါက အဲဒီပိုစ့်ကိုဖျက်ပြီး နောက်အပတ် ကြာသာပတေးနေ့တွင် ပြန်လည် ဖွင့်လှစ်သွားပါမယ်” လို့ စမိုင်းလ်က ပြောပါတယ်။
အခုလိုစီးပွားရေး ကျပ်တည်းနေကြတဲ့ အချိန်မှာ အထူးအခွင့်အရေးဖြစ်လာမယ့် Smile Mart ကိုစောင့်ကြည့်ပြီး စီးပွားရေးများ တိုးပွားကြပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
“စီးပွားရေး ကျပ်တည်းနေတဲ့ အခုလိုအချိန်မှာ တပိုင်တနိုင် စီးပွားရေး လုပ်သူများအတွက် အထူးအခွင့်အရေးလေး ဖြစ်မယ့် Smile Mart Post လေးကို စောင့်ကြည့်ရင်းစီးပွားတွေ တိုးတက်ပြီးအောင်မြင် ချမ်းသာကြပါစေရှင်” လို့ စမိုင်းလ်က ပြောထားပါတယ်။
သရုပ်ဆောင် စမိုင်းလ်ကတော့ ကိုဗစ်ကာလအတွင်း အလှူအတန်းများစွာ လှူဒါန်းနေသလို ရုပ်ရှင်လောကသားများအတွက် “Smile အွန်လိုင်းရုပ်ရှင်ရုံ” ဆိုတဲ့ Application ကို ပြုလုပ်ထားပါတယ်။
You may also like these stories:
ပရဟိတကိစ္စအတွက် အပြာဝက်ဘ်ဆိုက်ထဲ ရောက်လာတဲ့ မိုက်ကယ်ဘီဂျော်ဒန်
ကိုဗစ်ကာလမှာ မြိတ်အစားအစာ ကတ်ကြေးကိုက် ရောင်းနေတဲ့ သူဇာပွင့်
သားဖြစ်သူအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို