ဇာတ်ပို့၊ ဟာသ သရုပ်ဆောင် နေလင်းဟာ COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးချိန်မှာ Positive အဖြေ ထွက်ရှိတာကြောင့် ဧရာဝတီ စင်တာကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
“ကျနော် ကိုဗစ် Positive ဖြစ်တဲ့အတွက် အခု ဧရာဝတီ စင်တာကို ရောက်နေပါတယ်။ ကျနော်က အိမ်မှာပဲနေတာ များတဲ့သူပါ။ ဘယ်လိုကူးမှန်းတောင် မသိပါဘူး။ အပြင်သွားရင်လည်း ခေါင်းကို သေချာ ခေါင်းစွပ် စွပ်တယ်။ Mask လည်း တပ်တယ်။ လက်အိတ်တွေလည်း ဝတ်တယ်။ Face shield တွေလည်း တပ်တယ်။ ကျနော် သွားရင်တောင် ခွဲစိတ်ခန်းဝင်မှာလား စကြတယ်။ ကျနော် ဈေးတော့ ထွက်ဝယ်တယ်”လို့ နေလင်းက ပြောပါတယ်။
အိမ်က မိသားစုဝင်တွေထဲမှာ အသက်ကြီးသူတွေ ရှိတာကြောင့်လည်း ပိုဂရုစိုက်ရတယ်လို့ ဆိုပါတယ်။
“အိမ်မှာက အသက်ကြီးတဲ့ အမေနဲ့ အဘွားရှိတယ်။ အဲ့အတွက် ကိုယ့်ကြောင့် မဖြစ်စေချင်ဘူး။ လူကြီးတွေရှိလို့ ပိုဂရုစိုက်ဖြစ်တယ်။ အိမ်ကိုလည်း ဧည့်သည် အလာခံတဲ့သူ မဟုတ်ဘူး။ ရေသန့်လာပို့ရင်တောင်မှ ရေသန့်ဘူးကို အခန်းအပြင်မှာထားပြီး ပိုးသတ်ဆေးဖြန်းပြီးမှ အိမ်ထဲထည့်တာ”
“ကျနော် မျက်မှန်ကြောင့်လို့ ထင်တယ်။ မျက်လုံးကနေ ကူးတယ် ထင်တယ်။ ကျနော် တွေးမိတာပေါ့။ မျက်မှန်ကိုတော့ မဆေးမိဘူး။ မျက်မှန်ကို ရင်ဘတ်မှာ ချိတ်ပြီး ပြန်ပြန်ဝတ်တာ မသုတ်မိတော့ အဲ့ကနေ ကူးတယ် ထင်တယ်။ အဲ့ဒါကြောင့် မျက်မှန် တပ်တဲ့သူတွေလည်း ဂရုစိုက်စေချင်တယ်”လို့ နေလင်းက ပြောပါတယ်။
နှာခေါင်းမှာ အနံ့ မရတော့တာကြောင့် Fever Clinic သွားပြရာကနေ ကျန်းမာရေး စစ်ဆေးဖြစ်ပြီး Positive အဖြေ ထွက်ရှိခဲ့တာလို့ ဆိုပါတယ်။

“နှာခေါင်းက အနံ့မရတော့တာနဲ့ ကျနော် Fever Clinic သွားပြတယ်။ နောက် ပြေတီဦးကို စာပို့ပြီး အကျိုးအကြောင်း ပြောပြတော့ သူက ဧရာဝတီ ဖောင်ဒေးရှင်း ဖုန်းနံပါတ်တွေ ပေးပြီး သွားစစ်ခိုင်းတော့ ကျနော် စစ်လိုက်တာ။ Positive ဖြစ်နေတာနဲ့ မပြန်ခိုင်းတော့ဘဲ နေလိုက်ရတယ်။ အကုန်အဆင်ပြေတယ်။ ကျနော် ရောက်နေတာ ၂ ရက်ရှိပြီ။ အိမ်က မိသားစုတွေကတော့ မနက်ဖြန် စစ်ရမယ်”
“ကျနော့် အမေနဲ့ အဘွားရယ်၊ အစ်ကိုရယ် စစ်ရမယ်။ သူငယ်ချင်း ပြေတီဦး၊ ညိုမင်းလွင်တို့ကလည်း ကူညီပေးကြတယ်။ လူရွှင်တော် ကိုပန်းသီး မိန်းမကလည်း Volunteer လုပ်နေတာ။ လိုအပ်တာရှိရင် ကူညီပေးတယ်။ ကျနော့် မိတ်ဆွေတွေလည်း ကူညီပေးကြတယ်။ ကူညီပေးကြတဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်”လို့ နေလင်းက ပြောပါတယ်။
COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ ဟာသ သရုပ်ဆောင်ကြီး ဦးမိုးဒီကို သွားပြုစုချင်ပေမယ့် နေရတဲ့ အဆောင် မတူတာကြောင့် မသွားရဘူးလို့လည်း နေလင်းက ဆိုပါတယ်။
“ဦးမိုးဒီကလည်း ဧရာဝတီ စင်တာမှာ ဆိုပေမယ့် အဆောင်က မတူပါဘူး။ အဆောင်ထဲကသူတွေက ဘယ်နေရာမှ သွားခွင့် မရှိဘူး။ ကျနော်ကတော့ အဆောင်တူရင်တော့ သွားမေးမယ်၊ ပြုစုပေးမယ်၊လိုအပ်တာလေးတွေ လုပ်ပေးမယ် လုပ်ထားတာ။ အခုတော့ အဆောင်မတူတော့ သွားမရဘူး”လို့ ပြောပါတယ်။
ကိုယ်တိုင်လည်း ကိုဗစ် ကူးစက်ခံလိုက်ရတာကြောင့် ကျန်းမာရေးဟာ အရေးကြီးတဲ့အတွက် ကျန်းမာရေးကို အားလုံး ဂရုစိုက်ကြပါလို့ ဆိုပါတယ်။
“အခုချိန်မှာ ကျန်းမာခြင်းက လာဘ်တပါး၊ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကိုယ်ကျန်းမာနေမှ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ လုပ်လို့ရမယ်။ ကိုယ်ကျန်းမာမှ သူများကို ကူညီလို့ရမယ်။ စီးပွားရှာချင်လည်း ကျန်းမာမှ စီးပွားရှာလို့ ရမယ်။ ကျန်းမာရေးက နံပါတ် တစ်ပါ။ ကျန်းမာနေမှ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ ဖြစ်မှာမို့ ကျန်းမာရေး ဂရုစိုက်ပါ”
“ကျနော်ကနေ ကိုယ်တွေ့လေးနဲ့ မေတ္တာရပ်ခံပါတယ်။ စည်းကမ်းလေးလည်း လိုက်နာကြပါ။ စည်းကမ်း မလိုက်နာတဲ့အခါ မလိုက်နာတဲ့ အကျိုးဆက်ကို မလိုက်နာတဲ့သူတွေပဲ ခံစားရမှာပဲ။ အခုလိုကပ်ရောဂါ ကြုံနေချိန်မှာ စားသတိ၊ သွားသတိနဲ့ ရှိနေပါ”လို့ နေလင်းက ပြောပါတယ်။
You may also like these stories:
ဖောင်ကြီးနဲ့ ဧရာဝတီ ကိုဗစ်စင်တာတို့ကို သိန်း ၂၀၀ ကျော် လှူဒါန်းခဲ့တဲ့ နေခြည်ဦး
တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်
ပရဟိတကိစ္စအတွက် အပြာဝက်ဘ်ဆိုက်ထဲ ရောက်လာတဲ့ မိုက်ကယ်ဘီဂျော်ဒန်