မကြာခင် ထွက်ရှိလာမယ့် တတိယမြောက် “Fantastic Beasts” ရုပ်ရှင်အတွက် မင်းသား Johnny Depp ရဲ့နေရာမှာ ဒိန်းမတ်မင်းသား Mads Mikkelsen ကို အစားထိုးဖို့ ရွေးချယ်ထားတယ်လို့ Warner Bros. က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရုပ်သံစီးရီး “Hannibal” ထဲမှာ ကွင်းဆက်လူသတ်သမား Hannibal Lecter အဖြစ် လူသိများတဲ့ အသက် ၅၅ နှစ်အရွယ် မင်းသား Mikkelsen ဟာ ဟယ်ရီပေါ်တာ စာရေးဆရာမ J.K. Rowling ရဲ့ ရုပ်ရှင်မှာ မကောင်းဆိုးရွား မှော်ပညာရှင် Gellert Grindelwald အဖြစ် ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
မင်းသား Depp ဟာ ဇနီးကို ရိုက်နှက်သူအဖြစ် သူ့ကို ဖော်ပြခဲ့တဲ့ ဗြိတိန်နိုင်ငံက သတင်းစာနဲ့ ဖြစ်ခဲ့တဲ့ အသရေဖျက်မှုမှာ အမှုရှုံးနိမ့်ပြီးနောက် အခုလ အစောပိုင်းမှာ သူ သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ကနေ ထွက်ပေးဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သီတင်း ၃ ပတ်ကြာခဲ့တဲ့ တရားခွင်မှာတော့ မင်းသား Depp နဲ့ ဇနီးဟောင်း Amber Heard တို့ရဲ့ သက်သေတွေကို ကြားနာခဲ့ကြပြီး အရက်အလွန်အကျွံ သောက်ခဲ့တဲ့ မင်းသား Depp အကြောင်းနဲ့ နှစ်ဖက်လုံးရဲ့ အကြမ်းဖက်မှုအကြောင်း လူပြောများခဲ့ပါတယ်။
လန်ဒန်မြို့မှာ တတိယမြောက် Fantastic Beasts ရဲ့ ကနဦးထုတ်လုပ်မှုတွေမှာ ပါဝင်နေခဲ့တဲ့ မင်းသား Depp ကတော့ သူ့ကို Warner Bros. က ထွက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ မင်းသား Mikkelsen ဟာ “Doctor Strange” နဲ့ “Casino Royale” တို့လို အက်ရှင်ရုပ်ရှင်တွေမှာ ပါဝင်ဖူးပြီး “The Hunnt” နဲ့ “A Royal Affair” တို့လို ဒိန်းမတ် ဒရာမာတွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
Newt Scamander ရဲ့ မှော်စွန့်စားခန်းတွေအကြောင်း အခြေခံထားတဲ့ Fantastic Beasts ရုပ်ရှင်တွေဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်တွေ မစတင်ခင် နှစ်ပေါင်း ၆၀ ကာလတခုမှာ ဇာတ်အိမ် တည်ထားပေမယ့် ဟယ်ရီပေါ်တာ ရုပ်ရှင်တွေထဲက အဓိကဇာတ်ကောင်တွေကို လူငယ်ပုံစံတွေနဲ့ ပုံဖော်ထားပါတယ်။
တတိယမြောက် ရုပ်ရှင်ကို နာမည်မပေးရသေးပေမယ့် လာမယ့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ရုံတင်ပြသဖို့ ပြင်ဆင်ထားပါတယ်။ ပြသဖို့ စီစဉ်ထားတဲ့ “Fantastic Beasts” ရုပ်ရှင် ၅ ကားထဲက ပထမဆုံး နှစ်ကားကတော့ ရုံဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရရှိထားပါတယ်။
Ref:Reuters
You may also like these stories:
အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” ရုပ်ရှင်မှ မင်းသား Johnny Depp နုတ်ထွက်
“တပွဲတလမ်း အကဲစမ်းမလား”လို့ Johnny Depp ကို သူဌေး Elon Musk စိန်ခေါ်
အသရေဖျက်မှုနဲ့ The Sun သတင်းစာကို Johnny Depp တရားစွ