အလှမယ်၊ မော်ဒယ် ဟန်တီက Stay home ကာလမှာ သူဝါသနာပါတဲ့ အလုပ်တွေ လုပ်ဖြစ်နေပြီး အွန်လိုင်းကနေလည်း ပရိသတ်တွေကို ဈေးရောင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အခု Stay home ကာလမှာ စာဖတ်တယ်။ ပန်းချီဆွဲတယ်။ ကိတ်မုန့်ပေါင်မုန့်တွေ လုပ်ဖြစ်တယ်။ အခုနောက်ပိုင်းမှာ ကိုယ်လုံးလည်း လှအောင် ပစ္စည်းတွေနဲ့ ကျွမ်းဘားဆန်ဆန် ဆော့ရတဲ့ Work out တွေ၊ လေ့ကျင့်ခန်းတွေ လုပ်နေတယ်။ မြင်းစီးချင်တယ်။ လုပ်ချင်တဲ့ ထူးထူးခြားခြားတွေ လုပ်ဖို့လည်း စီစဉ်နေတယ်။ အွန်လိုင်းကနေလည်း ဈေးရောင်းပေးနေတယ်”လို့ ဟန်တီက ပြောပါတယ်။
အွန်လိုင်းကနေ ဈေးရောင်းဖြစ်တာက တွဲလုပ်နေကျ ကုမ္ပဏီနဲ့သာ လုပ်ဖြစ်တာဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေကို ရောင်းပေးချင်တာကြောင့် ရောင်းဖြစ်တာလို့ ဆိုပါတယ်။
“ဈေးရောင်းဖြစ်တာက အများကြီးတော့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း စမ်းလုပ်ကြည့်ချင်တယ်။ ကိုယ့်ပရိသတ်တွေ၊ အားပေးသူတွေကိုလည်း ပစ္စည်းလေးတွေ ရောင်းပေးချင်တယ်။ ကိုယ်နဲ့ အလုပ်တွဲလုပ်နေကျ ကုမ္ပဏီနဲ့ပဲ လုပ်ဖြစ်တာပါ။ အထည်လေးတွေလည်း ရောင်းပေးဖို့ရှိတယ်”လို့ ဟန်တီက ပြောပါတယ်။
ကိုဗစ်ကာလမှာ အနုပညာရှင်တွေ ဝင်ငွေထိခိုက်လာတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းတာ အလုပ်တခုလို ဖြစ်လာတယ်လို့ ဆိုပါတယ်။
“ကိုယ့်ကို ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူကတော့ ရှိနေမှာပဲ။ ကိုယ့်ကိုလည်း အကုန်လုံး ကြိုက်နေမယ်လို့လည်း မခံယူထားဘူး။ ဒါပေမဲ့လည်း အခုချိန်မှာ အနုပညာရှင်တွေက ပိုပြီးထိတယ်။ ပုံမှန်က ရှုတင်တွေနဲ့ အနုပညာအလုပ်တွေ အမြဲလုပ်နေကျသူတွေက နောက်ပိုင်းမှာ ဝင်ငွေတွေ အများကြီးထိခိုက်လာတယ်။ ဝင်ငွေတွေ အများကြီး ထိခိုက်လာတဲ့အပေါ် ဘာတွေကို ဘယ်လိုလုပ်ပြီး ဝင်ငွေရှာလို့ရလဲ ဆိုတဲ့ နည်းလမ်းတွေ ရှာကြတော့ အွန်လိုင်းဈေးရောင်းတာက အလုပ်တခုလို ဖြစ်သွားတယ်”လို့ ဟန်တီက ပြောပါတယ်။
အွန်လိုင်းကနေ ဈေးရောင်းတာကို ဝေဖန်နေကြတဲ့အပေါ်လည်း ဟန်တီက အခုလိုပဲ ဆိုပါတယ်။
“အဲ့ဒါလေးကလည်း ကိုယ်လုပ်နိုင်တဲ့ အပိုင်းလေးတွေ၊ လုပ်ချင်တာလေးတွေဆို လက်ခံပြီး လုပ်ဖြစ်တာပေါ့။ သူတို့ ဝေဖန်တာလည်း မထူးဆန်းပါဘူး။ ကိုယ့်ကို တချို့က မနာလိုလို့ ဝေဖန်တာ ရှိတယ်။ ကိုယ့်ကို မကြိုက်လို့ ဝေဖန်တာရှိတယ်”
“ကိုယ်လုပ်နေတာကို ဘဝင်မကျလို့ ဝေဖန်တာ ရှိတာဆိုတော့ ကိုယ့်ဘက်ကပဲ နားလည်ပေးလိုက်တယ်။ ကိုယ်ကတော့ လုပ်စရာရှိတာ လုပ်မှာပဲ။ ကိုယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ချပြတယ်။ အဲ့စိတ်လေးနဲ့ပဲ နေနေတော့ ကိုယ့်ကို ဝေဖန်တာတွေလည်း ခေါင်းထဲ သိပ်မထည့်တော့ဘူး”လို့ ဟန်တီက ပြောပါတယ်။
အလှမယ် ဟန်တီကတော့ Miss Myanmar World 2018 အလှမယ် ဖြစ်ပြီး တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့သူပါ။ မကြာခင်မှာလည်း ဟန်တီက အင်္ဂလန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“ကိုယ့်ပိုက်ဆံနဲ့ ကျောင်းတက်ချင်လို့ ကားရောင်းတာပါ”လို့ ပြောတဲ့ ဟန်တီ
သူများနဲ့ ဘယ်တော့မှ မယှဉ်ပြိုင်ဘူးဆိုတဲ့ “Best in Glamour” ဆုရှင် အလှမယ် ဟန်တီ
အပြင်မသွားဘဲ အိမ်မှာပဲ သီချင်းနဲ့ ပတ်သက်တာတွေ လုပ်ကိုင်နေတဲ့ ယွန်းမြတ်သူ