ယခင်က NG2K အဖွဲ့မှာ အဆိုတော် တယောက်ဖြစ်ခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရဲ့ လွှတ်တော်အမတ် တယောက်အနေနဲ့ လုပ်ကိုင်နေတဲ့ ဦးနေမျိုးထက်က NLD ပါတီမှာ ပါဝင် ဆောင်ရွက်ခဲ့ပုံကို အခုလိုပဲ ပြောပါတယ်။
“၂၀၁၁ လောက်မှာ အမေစု ဘေးနားမှာ ဝန်းရံတဲ့ လုံခြုံရေးအဖွဲ့တို့ ခြံထဲမှာနေတဲ့ အစ်ကိုတွေနဲ့ သိခွင့်ရခဲ့ပါတယ်။ သူတို့ဆီကနေတဆင့် အမေစု ရွေးကောက်ပွဲ စည်းရုံးရေးလမ်းကြောင်းတွေ ကျနော်လိုက်ရပါတယ်။ ကျနော် နယ်ပေါင်းစုံ လိုက်ရတယ်။ ကျနော် အဲ့မှာတင် NLD နဲ့ နီးစပ်လာတယ်”
“အဲ့မှာ ကျနော်တို့ အနုပညာသူငယ်ချင်းဖြစ်တဲ့ ကိုဇေယျာသော်က NLD အဖွဲ့ထဲ သူက ကြိုရောက်ပါတယ်။ ကိုဇေယျာသော်နဲ့လည်း ခြံထဲမှာ တွေ့ရပါတယ်။ ကျနော်တို့ နယ်ပေါင်းစုံကို သွားပြီး အမေစုလုံခြုံရေးကို လိုက်ရပါတယ်။ ၂၀၁၂ မှာ အလုပ်အမှုဆောင်တွေ ရွေးရချိန်မှာ တွဲဖက်အတွင်းအရေးမှုးအနေနဲ့ ကျနော် ရွေးချယ်ခံရပါတယ်”လို့ ဦးနေမျိုးထက်က ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာတော့ ဦးနေမျိုးထက်က ကျောက်တံတားမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ အဓိက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“အဲ့ကနေ တဖြည်းဖြည်းနဲ့ ၂၀၁၄ လောက်မှာ အတွင်းရေးမှုးရာထူးကို ရခဲ့ပါတယ်။ ၂၀၁၅ မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ တာဝန်ပေးခံရပါတယ်။ ၂၀၁၅ မှာလည်း လွှတ်တော်ထဲမှာ လည်း လျှပ်စစ်နဲ့ ပတ်သက်တာတွေပဲ အဓိက ဆောင်ရွက်ရပါတယ်။ လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီးနေပါတယ်။ လိုလည်း လိုအပ်နေပါတယ်။ လွှတ်တော်မှာလည်း လျှပ်စစ်ကိစ္စဆောင်ရွက်တဲ့အမတ်၊ ကျောက်တံတားအမတ်အနေနဲ့ပဲ သိကြပါတယ်”လို့ ဦးနေမျိုးထက်က ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို ဝင်တဲ့အချိန်ကျမှ ဦးနေမျိုးထက်ကို တချိန်က NG2K အဖွဲ့မှာ သီချင်းဆိုတဲ့ သူ၊ အနုပညာရှင်ဆိုပြီး တော်တော်များများ သိလာကြတယ်လို့ ဆိုပါတယ်။
“ကျနော်က တကယ်တမ်း လွှတ်တော် ကိုယ်စားလှယ် စဖြစ်တာက ၂၀၁၅ ကတည်းက စဖြစ်တာပါ။ အဲ့ချိန်တုန်းကတော့ ကျနော့်ကို အနုပညာသမားလို့လည်း သိပ်မသိကြဘူး။ ငယ်တုန်းက ပိန်ပြီး အခု ဝလာလို့ လူတွေ မမှတ်မိတာလည်း ပါလိမ့်မယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်တဲ့အချိန်ကျမှ NG2K က သီချင်းဆိုတဲ့သူ၊ အနုပညာရှင်ဆိုပြီး တော်တော် သိလာခဲ့ပါတယ်”
“NG2K ကလည်း ၂၀၀၀ ခုနှစ်ကတည်းက စလုပ်ခဲ့တာပါ။ နှစ် ၂၀ လောက်ကြာပြီ။ ကျနော်တို့ အဖွဲ့က အရမ်းနာမည်ကြီးတဲ့ထဲမှာတော့ မပါပါဘူး။ နံပါတ် (၁) တော့ မဟုတ်ခဲ့ပေမယ့် နံပါတ် (၂) နေရာလောက်တော့ ဖြစ်ခဲ့တယ်။ ကျနော် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ လောက်ထိ အခွေတွေထုတ်၊ သီချင်းတွေဆို သေချာ လုပ်ခဲ့ပါတယ်”လို့ ဦးနေမျိုးထက်က ပြောပါတယ်။
အဲဒီနောက်မှာတော့ အနုပညာနဲ့ ရပ်တည်ဖို့ မလွယ်ကူတော့တာကြောင့် သူရရှိထားတဲ့ဘွဲ့နဲ့ ကုမ္ပဏီ အလုပ်တွေ ဝင်လုပ်ဖြစ်ခဲ့ပြီး အနုပညာနဲ့ အလှမ်း ဝေးကွာသွားတယ်လို့ ဆိုပါတယ်။
“၂၀၁၀ နောက်ပိုင်းမှာတော့ ခိုးကူးတွေနဲ့ အနုပညာကြေး သေချာ မရတော့ဘူး။ အနုပညာနဲ့ ရပ်တည်လို့ မရနိုင်တော့တဲ့အတွက် စင်ကာပူက ရရှိတဲ့ဘွဲ့နဲ့ ကျနော် ကုမ္ပဏီတွေမှာ ဝင်လုပ်ခဲ့ရပါတယ်။ ကျနော်ကတော့ သိပ်မလုပ်ဖြစ်တော့ဘူးပေါ့။ အခု မေစံပယ်ညိုတို့ကတော့ အနုပညာတွေ လုပ်နေသေးတယ်။ ကျနော်ကတော့ အများကြီးတော့ မလုပ်ဖြစ်တော့ဘူး။ ပွဲတွေ ဆိုရမယ်ဆိုရင်တော့ မဆိုဖြစ်ဘူး။ သီချင်းလေးတွေ သွင်းရင်တော့ ပါဝင်နေပါသေးတယ်”လို့ ဦးနေမျိုးထက်က ပြောပါတယ်။
တချိန်က ၂၀၀၀ ခုနှစ် လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ “NG2K” အဖွဲ့မှာ အဆိုတော် နေမျိုးထက်၊ မေစံပယ်ညိုနဲ့ ဇင်မင်းခန့်တို့ ပါဝင်ခဲ့ကြပြီး၊ NG2K အဖွဲ့ ရဲ့ “The Silver Night” Mini Concert ဖျော်ဖြေပွဲကိုလည်း ၂၀၁၉ တုန်းက ကျင်းပခဲ့ပါသေးတယ်။
ဦးနေမျိုးထက်ကတော့ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရဲ့ လွှတ်တော် အမတ်တဦးအနေနဲ့ လျှပ်စစ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အဓိက ပါဝင် ဆောင်ရွက်နေပါတယ်။
You may also like these stories:
“အွန်လိုင်းကနေ ဈေးရောင်းတာ အလုပ်တခုလို ဖြစ်သွားတယ်”လို့ ဟန်တီ ပြော
“မိသားစုဝင်တွေက လိုအပ်တာအကုန် ဖြည့်ဆည်းပေးတယ်”လို့ ခင်ရတနာစိုး ပြော
အိမ်မှာနေတာ များပေမယ့် ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သရုပ်ဆောင် နေလင်း