Entertainment

“အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်” ကို ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကိုဗစ်ကာလ Stay home နေရချိန်မှာ အွန်လိုင်းကနေ Live လွှင့်ပြီး ဈေးရောင်းတဲ့ ဈေးကွက်ဟာ Trend တခု ဖြစ်လာပါတယ်။ သာမန် Online Shop လုပ်ကိုင်သူ၊ ဈေးရောင်းသူများသာမက နာမည်ကြီး အနုပညာရှင်များကလည်း စိန်ရွှေ ရတနာများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အိမ်များ၊ ကားများကို Live လွှင့်ကာ ဈေးရောင်းလာကြပါတယ်။

အဲဒီထဲမှာမှ အနုပညာရှင်များစွာ Live လွှင့် ဈေးရောင်းကြတဲ့ထဲမှာ ယခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ Live လွှင့် ဈေးရောင်းမှုများက ကြည့်ရှုသူပေါင်းများစွာနဲ့ ထိပ်ဆုံးကနေ ဦးဆောင် နေရာ ယူထားပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

တချိန်က “ကြော်ငြာ ဘုရင်မ”လို့ ရေပန်းစားခဲ့တဲ့ ထက်ထက်မိုးဦးဟာ အခုချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားပြီး သူ Live လွှင့် ရောင်းတဲ့ စိန်ရွှေ ရတနာများ၊ အလှကုန်ပစ္စည်းများ၊ အိမ်များ၊ ကားများကိုလည်း ပရိသတ်တွေက တခဲနက် ဝယ်ယူအားပေးကြတာ တွေ့ရပါတယ်။

အလုပ်ပေါ်မှာ အမြဲ စိတ်နှစ်ကာ ကြိုးစားလုပ်ကိုင်နေတဲ့ ထက်ထက်မိုးဦးက ဒီရက်ပိုင်းမှာတော့ သူ့ရဲ့ ကျန်းမာရေးကြောင့် နေ့စဉ် Live လွှင့်တဲ့အလုပ်ကို ၂ ရက် နားထားပြီး၊ အဲဒီလို နားထားချိန်မှာ သူ့ဘဝရဲ့ အကြောင်းအရာ အစိတ်အပိုင်းအချို့ကို အခုလိုပဲ ဖွင့်ဟ လာပါတယ်။

“ထက် ငယ်ငယ်ကတည်းက အမေ မရှိခဲ့သလို အဖေနဲ့လည်း အတူတူ မနေခဲ့ရဘူး။ မိဘနဲ့လည်း မနေရ၊သူများတွေဆီ လိုက်နေခဲ့ရပါတယ်။ မွေးရာပါ နှလုံးရောဂါ ရှိပေမယ့် ငွေကြေး မတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။ ပညာ အရမ်းတတ်ချင်ပေမယ့် ကျောင်းဆက်မတက်နိုင်ခဲ့ဘူး”

“အသက် ၁၆ နှစ်မှာ မင်းသမီးစလုပ်တဲ့အချိန် အကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။ မွေးရပ်ဇာတိ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး ရန်ကုန်မှာ တယောက်တည်း လာနေခဲ့ရတယ်။ ရန်ကုန်မြို့ကြီးမှာ အားလုံးကို စွန့်လွှတ်ပြီးနေလာခဲ့တာ ခုဆို ၃၆ နှစ်ရှိခဲ့ပြီ”လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

မိုးကုတ်မြို့ ဇာတိသူဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ ငယ်စဉ်က ပညာရေး ဆုံးခန်းတိုင်အောင် မတက်ခဲ့ရပေမယ့် အသက် ၁၆ နှစ်အရွယ်မှ စတင်ကာ မင်းသမီး လုပ်ကိုင်ခဲ့ပြီး အခုဆို ရန်ကုန်မြို့ကြီးမှာ နေထိုင်တာ ၃၆ နှစ်ရှိပြီလို့ ဆိုထားပါတယ်။

“ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ တော်တော် ခက်ခဲခဲ့ရတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိတဲ့အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်း လဲကျတိုင်း ချစ်ရသူတွေအားတွေနဲ့ပဲ အမြဲပြန်ထခဲ့ရတယ်”လို့ ဆိုပါတယ်။

မင်းသမီး ထက်ထက်မိုးဦးက ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းကို ခံစားခဲ့ရပြီး အလိမ်ခံရတာတွေ၊ အားငယ် စိတ်ညစ်ရတာတွေ ရှိခဲ့ပေမယ့် လဲကျတိုင်း ချစ်ခင်ရသူတွေရဲ့ အားအင်နဲ့ ပြန်ထခဲ့ရတယ်လို့ ဆိုပါတယ်။

ကြော်ငြာ ရိုက်ကွင်းပေါ်က ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

လက်ရှိမှာလည်း ထက်ထက်မိုးဦးက အနုပညာအလုပ်များ အရင်လောက် မလုပ်ကိုင်တော့သည့် တိုင်အောင် ပရိသတ်နဲ့ နေ့စဉ် ထိတွေ့နေရတဲ့ အွန်လိုင်းမှ Live လွှင့် ဈေးရောင်းခြင်း အလုပ်ကို ပျော်ရွှင်စွာ လုပ်ကိုင်နေတာ တွေ့ရပါတယ်။

“နေ့စဉ် အလုပ်လုပ်တဲ့ အခါတိုင်းမှာ အချိန်ကုန်ရင် ငါအိမ်ပြန်ရမှာပဲလို့ ဘယ်တော့မှ မတွေးဘူး။ကိုယ်လုပ်လို့ မရောင်းရမှာ၊ ပရိသတ်တွေ မကြိုက်မှာ၊ Client အဆင်မပြေမှာပဲ တွေးတယ်။ ဒါကြောင့် နေ့စဉ် အမြဲမပြတ် လေ့လာရတယ်။ စာကျက်ရတယ်။ ပရိသတ်ရဲ့ အားပေးစကားတွေ၊ ဝေဖန်တာတွေ အမြဲနားထောင်ရတယ်။ အားပေးတာတွေအတွက် စိတ်ခွန်အားရသလို ဝေဖန်မှုတွေဆိုလည်း ကိုယ့်ကိုချစ်လို့ ပြောပေးတာမို့ ပြင်ဆင်တယ် ပိုပြီးကောင်းအောင် ကြိုးစားတယ်”

“ဇီးထုတ်ကြော်ငြာဆိုလည်း အလှဆုံးပြင်ပြီး အားစိုက်တာပဲ။ ရွှေဆိုင်ကြော်ငြာလည်း အားစိုက်တာပဲ။ အခု Live တွေ လွှင့်ပြီး ရောင်းရတဲ့အချိန်မှာ တထောင်တန်လည်း အကောင်းဆုံး စိတ်စေတနာထား၊ သေချာ ကုန်ပစ္စည်းအကြောင်း သိအောင်လုပ်ပြီး ရောင်းတယ်။ သိန်း ၃၀၀၀ တန်လည်း သေသေချာချာ လေ့လာပြီးမှ ရောင်းတယ်”လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။

ထက်ထက်မိုးဦးကတော့ အခုချိန်ထိ သူထိန်းသိမ်းထားတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကိုလည်း အခုလိုပဲ ဖွင့်ဟ ခဲ့ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

“ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် (၁) က သည်းခံနိုင်မှုပဲ။ ဘဝမှာ ပင်ပန်းခက်ခဲခဲ့တယ်။ ဘယ်အရာမှ အလကား မရဘူး ဆိုတာ သိနေတဲ့အတွက် အရမ်းကြိုးစားတယ်။ ယဉ်ကျေးအောင် နေတယ်။ စိတ်ရောလူရော ထည့်ပြီး အလုပ်လုပ်တယ်။ အခုချိန် ပြန်ပြီးအလုပ်တွေ လုပ်လာတဲ့အခါ အားလုံးက ချစ်ပေးကြတဲ့အခါမှာလည်း လက်လွတ်စပယ် မလုပ်ဘူး”

“ကိုယ့်အယူအဆတွေမှားသွားရင် သူများထောက်စရာ ဖြစ်မှာကြောင့် သေချာလေ့လာတယ်။ အလုပ်အပေါ် သစ္စာရှိတယ်။ ဝါသနာပါလို့ လုပ်တာဆိုတော့ လဲခဲ့ရတာတွေ၊ အပေးအယူ လုပ်ခဲ့ရတာတွေ အများကြီး ရှိပေမယ့် ဘယ်တော့မှ မလုပ်ချင်တော့ဘူးဆိုတာမျိုး မရှိခဲ့ဘူး”လို့ ထက်ထက်မိုးဦးက ဆိုထားပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ ထက်ထက်မိုးဦးက သူ့ရဲ့ Facebook စာမျက်နှာမှာ “မှုံရွှေရည်မှသည် အကယ်ဒမီ ထက်ထက်မိုးဦး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ဘဝ အကြောင်းအရာတွေကို အလုပ်နားတဲ့ ၂ ရက်အတွင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

“အလုပ် လုပ်နေရရင်၂ ရက်ဆိုတာ ခဏလေးပါပဲ။ ကျန်းမာရေးကြောင့် နားနားပြီး လုပ်ပါလို့ ဆရာဝန်က ပြောထားလို့သာ နားနေရတာ။ ထက်ကတော့ ချစ်ရတဲ့ အသက်တွေနဲ့ နေ့တိုင်းစကားတွေ ပြောချင်တာရယ်၊ နားနေတဲ့ ၂ ရက်အတွင်းမှာ ထက်ချစ်ရသူတွေကို ထက်အကြောင်းတွေ ပြောပြချင်လို့ စာတချို့ရေးမယ်နော်။ ထက်က စာရေးဆရာ မဟုတ်တာမို့ တခုခု မှားရင် ချစ်တဲ့ စိတ်လေးနဲ့ သည်းခံပေးနော်”လို့ ထက်ထက်မိုးဦးက ပြောထားပါတယ်။

You may also like these stories:

အွန်လိုင်းမှာ Live လွှင့်ပြီး ရောင်းချတဲ့ ဈေးကွက်တခုကို ဦးဆောင်နေတဲ့ ထက်ထက်မိုးဦး

စိတ်အားတင်းပြီး ဘဝကို နေထိုင်နေတဲ့ ထက်ထက်မိုးဦး

အနုပညာနဲ့ပတ်သက်ရင် မာနထားတဲ့အကြောင်း ပြောပြတဲ့ ထက်ထက်မိုးဦး

Did you find apk for android? You can find new Free Android Games and apps.
Loading