COVID-19 ရောဂါကြောင့် ပွဲတွေ မဖျော်ဖြေရတာကြာပြီ ဖြစ်ပြီး၊ အွန်လိုင်းကနေ ပရိသတ်တွေ ကြည့်လို့ရအောင် စီစဉ်နေတယ်လို့ လူရွှင်တော် အောင်သော်က ပြောပါတယ်။
“ကျနော်တို့ ပွဲတွေ ပြန်ကပြခဲ့ရတာတွေ အရမ်းသတိရတယ်။ ပြန်လည်း ကပြချင်နေပြီ။ အခု ကျနော်တို့ အွန်လိုင်းကနေ ကြည့်လို့ရအောင် စီစဉ်နေတယ်။ ကျနော်တို့ 5 Stars Entertainment Page ကနေ ဖျော်ဖြေ တင်ဆက်လို့ရအောင် စီစဉ်နေတယ်။ ၁၂လပိုင်းလောက်တော့ လွှင့်ဖို့ လုပ်ထားတယ်။ စောင့်မျှော်ပေးကြပါ”လို့ အောင်သော်က ပြောပါတယ်။
ဒီလို ဖျော်ဖြေတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ စည်းကမ်းတကျ ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ စနစ်တကျနဲ့ စည်းကမ်းတကျလေး လုပ်သွားပါမယ်။ ပြက်လုံးတွေလည်း အသစ်တွေနဲ့ တပတ်တရက် လွှင့်ပေးမယ်။ ဆိုရှယ်မီဒီယာခေတ်မို့ ဆိုရှယ်မီဒီယာကနေ အနုပညာ အလုပ်တွေ ကြိုးစားလုပ်သွားပါမယ်”လို့ အောင်သော်က ပြောပါတယ်။
အခုလို ကိုဗစ်ကာလ အားလုံး ခက်ခဲနေကြချိန်မှာ အောင်သော် ကိုယ်တိုင်လည်း အနှစ်နှစ်အလလက စုဆောင်းထားတာတွေ ထုခွဲရောင်းချနေရတယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ အကုန်လုံးက ခက်ခဲကြတာပဲ။ ကျားကြီးရင် ခြေရာကြီးကြတာပဲ။ ကျားငယ်ရင် ခြေရာ ငယ်ကြတာပဲ။ ကျနော်တို့တောင် မနည်းတောင့်ခံနေရတာ။ အနှစ်နှစ်အလလ စုဆောင်းထားတာလေးတွေ ဒီလိုချိန်မှာ ထုခွဲရောင်းချရတာပါပဲ”
“ကျနော့် အမျိုးသမီးဆို သူ့ဆီမှာရှိတဲ့ ရွှေတွေ မရှိတော့ဘူး။ ၈ လလောက်ရှိပြီ ဆိုတော့ ရောင်းချရတယ်။ အဲ့ကရတာလည်း ပရဟိတထဲ ထည့်တာဆိုတော့ ကုန်ပြီ။ မရှိတော့ဘူး။ ပွဲကရရင်တော့ ပိုက်ဆံကရတယ်။ ပွဲကလည်း ဘယ်တော့ ကရမှန်း မသိသေးဘူး”လို့ အောင်သော်က ပြောပါတယ်။
အခုချိန်မှာ အားလုံး အဆင်မပြေကြတာကို စိတ်ဓာတ် မကျကြဖို့ အခုလိုပဲ ဆိုပါတယ်။
“အခုချိန် အဆင်မပြေကြတာ ဘာမှမဖြစ်ပါနဲ့။ စိတ်ဓာတ်လည်း မကျကြပါနဲ့။ ကျနော်တို့ တချိန်ပြန်ထနိုင်ဖို့ ကြိုးစားကြရမှာပါ။ တချိန် ရိုက်ကူးရေးတွေ ပွဲတွေ ပြန်ကရမှာပါ။ စိတ်ဓာတ်လည်း မကျပါနဲ့။ အားလည်း မငယ်ကြပါနဲ့”လို့ အောင်သော်က ပြောပါတယ်။
အောင်သော်ဟာ COVID-19 ရောဂါ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာချိန်မှ စပြီး ယခုချိန်ထိ သူ့ရဲ့ GMW ပရဟိတအသင်းနဲ့ အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အောင်သော်ကတော့ “Five Stars” လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး ဟာသ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။