BTS အဖွဲ့ရဲ့ "Dynamite" ဝတ်စုံတွေကို ပရဟိတအတွက် လေလံပစ်မည်
နာမည်ကျော် တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ လာမယ့် ဇန်နဝါရီလ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Beverly Hills မှာ ပြုလုပ်မယ့် ပရဟိတ လေလံပွဲတပွဲမှာ သူတို့ရဲ့ “Dynamite” သီချင်း ဂီတဗီဒီယိုထဲက ဝတ်စုံကို အမြင့်ဆုံးလေလံ ပေးသူထံ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။
စံချိန်အသစ် တင်ထားခဲ့တဲ့ အဲ့ဒီသီချင်းထဲက အဖွဲ့ဝင် ၇ ဦး ဝတ်ဆင်ထားခဲ့တဲ့ ပန်းရောင်၊ အပြာ၊ အဝါနဲ့ ခရမ်းပြာနုရောင် ဝတ်စုံတွေကို ဒေါ်လာ ၂ သောင်းကနေ ဒေါ်လာ ၄ သောင်းအထိ ခန့်မှန်းဈေးနဲ့ ရောင်းချဖို့ ပြင်ထားတယ်လို့ Julien’s Auctions လေလံကုမ္ပဏီက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြောလိုက်ပါတယ်။
Julien’s Auctions မှ အမှုဆောင်ညွှန်ကြားရေးမှူး Martin Nolan က “BTS အဖွဲ့ရဲ့ ဝတ်စုံတွေကို ရောင်းချမှုမှာ ဒါက ပထမဆုံး ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီဝတ်စုံတွေထဲမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထွက်ရှိခဲ့တဲ့ “Dynamite” သီချင်း ဂီတဗီဒီယိုထဲက နောက်ဆုံး အကပြကွက်မှာ ဝတ်ဆင်ခဲ့ကြတဲ့ တီရှပ်အင်္ကျီ၊ ဦးထုပ်၊ စနီကာဖိနပ်၊ ဘောင်းဘီနဲ့ ရှပ်အင်္ကျီတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
BTS အဖွဲ့ရဲ့ ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းဖြစ်တဲ့ “Dynamite” ဟာ ပြီးခဲ့တဲ့ နွေရာသီကာလတုန်းက Billboard Hot 100 ဇယားမှာ ထိပ်ဆုံးရောက်ခဲ့ပြီး ဒါဟာ တောင်ကိုရီးယား ပေါ့ပ်အနုပညာရှင် အဖွဲ့တခုအတွက် ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ညနေဆည်းဆာ ကောင်းကင်ကို နောက်ခံထားပြီး ကနေကြတဲ့ အဖွဲ့ဝင်တွေ ပါဝင်တဲ့ အဲ့ဒီ ဂီတဗီဒီယိုဟာ YouTube မှာ လွှင့်တင်ပြီး မိနစ် ၂၀ အတွင်း ကြည့်ရှုသူ ၁၀ သန်းကျော်လွန်ခဲ့တဲ့ အမြန်ဆုံး ဂီတဗီဒီယိုဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ နယ်လှည့်ဖျော်ဖြေပွဲမှာ အဖွဲ့ဝင်တွေ အသုံးပြုထားတဲ့ မိုက်ကရိုဖုန်းကို လော့စ်အင်ဂျလိစ်မြို့မှာ ၈၃၂၀၀ ဒေါ်လာနဲ့ ရောင်းချနိုင်ခဲ့ပြီး ခန့်မှန်းထားတဲ့ ကြမ်းခင်းဈေးထက် ၈ ဆထက်ပိုမိုတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
အကောင်းမြင်စိတ်ဓာတ်ကို ဖြန့်ဝေပေးဖို့ ဂီတကို အသုံးပြုတဲ့နေရာမှာ နာမည်ကျော်တဲ့ BTS အဖွဲ့ဟာ ပထမဆုံး ဂရမ်မီဆုကြီးတခု ဆန်ခါတင် ဝင်ခဲ့ပြီးတဲံနောက် အမေရိကန်ဂီတလုပ်ငန်းမှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ကျရင် Beverly Hills မှာ “Dynamite” ဝတ်စုံတွေကို လေလံပစ်မှာဖြစ်ပြီး နှစ်စဉ် ဂရမ်မီဆုပေးပွဲတွေကို စီစဉ်ကျင်းပပေးနေတဲ့ Recording Academy ရဲ့ ပရဟိတအဖွဲ့ MusiCares အတွက် ရန်ပုံငွေ ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။
MusiCares အဖွဲ့ဟာ ကပ်ရောဂါကြောင့် ကလပ်တွေ၊ ဖျော်ဖြေရေးနေရာတွေကို ပိတ်လိုက်ရတာ၊ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်ရလို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ လုပ်သားတွေအပါအဝင် ဂီတပညာရှင်တွေအတွက် ကျန်းမာရေးနဲ့ စောင့်ရှောက်ရေး အစီအစဉ်တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
Ref:Reuters
You may also like these stories:
ဂရမ်မီ ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်ခဲ့တဲ့ BTS အဖွဲ့
ကိုဗစ်ကာလဖြစ်ပေမယ့် အရင်ထက် အမြတ်ငွေ နှစ်ဆရတယ်လို့ BTS ရဲ့ အေဂျင်စီ ဆို
Nike နဲ့ G-Dragon ရဲ့ပူးပေါင်းမှု “Para-Noise 2.0” မိနစ်ပိုင်းအတွင်း ရောင်းကုန်