အဆိုတော် ချမ်းချမ်းကတော့ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ သူ့ရဲ့ပရိသတ်များကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတင်းစကားတခု ပါးခဲ့ပါတယ်။ အဲဒါကတော့ ဒုတိယ ကိုယ်ဝန် ဆောင်ထားတာ ၅ လခန့်ရှိပြီဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
“Happy Sweet December Everyone. ပထမဆုံး ချမ်းချမ်း အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒုတိယအနေနဲ့ အခုချိန်ထိ ဘဝမှာ ဘယ်နှကြိမ်ပဲ လဲကျခဲ့ပါစေ၊ အမြဲအနားမှာစောင့်ရှောက်အားပေးခဲ့တဲ့ အဖေနဲ့အမေ၊ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်” လို့ ချမ်းချမ်းက ပြောပါတယ်။
ဆက်လက်ပြီး “တတိယက အခုမှစပြောမှာ ဘဝမှာ ပထမဆုံး သမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆ နှစ်ကျော်အကြာမှာ အခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ရင်သွေးလေးကို အောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ။ ကိုဗစ်ကာလမှာ သမီးလေး အထီးကျန်စွာနဲ့ အိမ်ထဲမှာ ပျင်းနေတာကို မြင်ရတာ စိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်း မောင်လေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် လိုချင်တယ်လို့ အမေ့သမီးလေး တောင်းဆိုခဲ့တာ ဒီနှစ်တော့အဆိုးထဲက အကောင်းပါပဲ” လို့ ပြောပါတယ်။
၂၀၂၀ မေလလောက်က Bangkok Women’s Health Hospital မှာ ကျန်းမာရေးအတွက် သွားရောက်စစ်ဆေးခဲ့ပြီး ရင်သွေးယူဖို့အတွက် ကြိုးစားချင်တယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
ကလေး မယူတာ ၆နှစ်လောက် ခြားသွားတာကြောင့် အစစအရာရာ အသစ်က ပြင်ဆင်ခဲ့ရပြီး ၂ လခန့်စောင့်ကြည့်ပြီးနောက်မှာတော့ ဇူလိုင်လမှာ ကိုယ်ဝန်ရှိခဲ့တာ ဖြစ်ပါတယ်။
“အမှန်အတိုင်းပြောရရင် ကျမအသက်က နောက် ၃ နှစ်လောက်ဆို ၃၅ နှစ် ပြည့်တော့မယ်။ အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတယောက်လောက် လိုချင်မိတယ်။ ယူမယ်လို့လည်း အစတည်းက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့တာပါ။ နောက်တခုက သမီးလေးလည်း အဖော်ရအောင်ပေါ့။ ကလေး မယူတာ ၆ နှစ်လောက်ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်”
“မိခင်တယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်းအရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂ လလောက် ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ ဇူလိုင်လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ ကျမ မယုံနိုင်ခဲ့ဘူး”လို့ ချမ်းချမ်းက ပြောပါတယ်။
ကိုယ်ဝန်မှာ ၅ လရှိပြီဖြစ်ပြီး ကျန်းကျန်းမာမာ ရှိတယ်လို့လည်း သိရပါတယ်။
“ကျန်ခဲ့တဲ့ ၁ ပတ်က Ultra sound ရိုက်တော့ ၅ လရှိပြီ။ ကျန်းကျန်းမာမာပဲတဲ့။ ဘာလေးပဲရရပါ။ အဓိကက ခြေလက်အင်္ဂါ စုံဖို့ရယ်၊ ကျန်းမာဖို့ရယ်၊ ဉာဏ်ရည်ကောင်းဖို့ရယ်ပါပဲ။ ကျန်တာ ဘုရားပေးသလောက်ပေါ့။ ဘဝဆိုတာ တခါတလေမှာ စွန့်ပစ်ခြင်းခံရလို့ ထားခဲ့ခြင်းခံရလို့ ဝမ်းနည်းခဲ့ရ၊ ရင်တွေကွဲ ခဲ့ရပေမယ့် အချိန်တချိန်ချိန်မှာတော့ ကိုယ့်ကိုချစ်မယ့်လူ တန်ဖိုးထားမယ့် လူကတော့ရှိနေစမြဲပါပဲ”
“Single parent ဘဝဆိုတာ အမေအဖြစ်ရော၊ အဖေတယောက်လိုပါ အစစအရာရာ ကိုယ်တိုင် ရုန်းကန်ခဲ့ရလို့ ပင်ပန်းပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဖူးစာကံဆိုတာ ပါသလောက်ပဲ ဆုံကြရတာမို့ ဆုံစည်းခဲ့ကြရချိန်တွေ ပျော်စရာတွေကိုပဲ ဘဝတလျှောက်လုံး သယ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ချမ်းချမ်းက ဆိုပါတယ်။
မိသားစုဘဝတခုပြိုကွဲပြီးနောက် ချမ်းချမ်းရဲ့အတိတ်ကို နားလည်ပေးပြီး သမီးဖြစ်သူ မြမိုးဂင်္ဂါကိုလည်း သမီးတယောက်အနေနဲ့ လက်ခံပေးတဲ့အတွက် လက်ရှိလက်တွဲနေတဲ့ ဗိုက်ထဲက ကလေးအဖေဖြစ်သူကိုလည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။
“မိသားစု ဘဝလေး ပြိုကွဲခဲ့ရချိန်တွေ နာကျင်ခဲ့ရချိန်တွေ အားလုံးကို အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်လာခဲ့တာ အခုဆို အချိန်တောင် ၃ နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလည်း ကျေးဇူးအထူးတင်ပါတယ်”
“လက်တွဲလာခဲ့တာ အချိန်၂ နှစ်အတွင်း Positive အမြင်နဲ့ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ် ကျမရဲ့ အတိတ်တွေ နားလည်ပေးပြီး ကျမမနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ် တယောက်တည်း ပင်ပန်းနေချိန်တွေမှာ အစစအရာရာ နားလည်ခွင့်လွှတ်ဖေးမပေးလို့ အတိုင်းမသိ ဝမ်းသာမိရပါတယ်။ ကျေးဇူးလည်း တင်တယ်” လို့ ချမ်းချမ်းက ပြောပါတယ်။
ချမ်းချမ်းကတော့ ယခင်က အိမ်ထောင်နဲ့ ကွာရှင်းပြတ်ဆဲခဲ့တာ အခုဆိုရင် ၃ နှစ်ရှိပြီဖြစ်ပြီး Single Mother အနေနဲ့ သမီးဖြစ်သူကို စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိချစ်သူနဲ့ လက်တွဲလာတာ ၂ နှစ်ရှိပြီလို့လည်း သိရပါတယ်။
You may also like these stories:
“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်
“အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်” ကို ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး
တချိန်က NG2K အဆိုတော်၊ ယခု လွှတ်တော်အမတ် ဦးနေမျိုးထက်