ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ Netflix ကနေ ကိုရီးယား သည်းထိတ်ရင်ဖို ရုပ်ရှင်တကားကို စတင်ပြသခဲ့ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကတော့ တောင်ကိုရီးယားရဲ့နာမည်ကျော် မင်းသမီး ပတ်ရှင်ဟေးနဲ့ ဂျောင်ယွန်ဆောတို့ ပါဝင်ထားတဲ့ “The Call” ဆိုတဲ့ ရုပ်ရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှနဲ့ ပွာတိုရီကိုရုပ်ရှင် “The Caller” ကို ပြန်လည် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဓိကအကြောင်းအရာကတော့ အတိတ်နဲ့ အနာဂတ်လို မတူညီတဲ့ အချိန်တွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးနှစ်ဦးရဲ့ ကံကြမ္မာကို ကြားခံ ဆက်သွယ်ရေး ဖုန်းခေါ်မှုက ပြောင်းလဲပေးမယ့်အကြောင်း ဇာတ်အိမ် တည်ထားပါတယ်။ ကပ်ရောဂါကြောင့် ဒီရုပ်ရှင်ပြသရက်အပေါ် ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
အခုတော့ ဇာတ်လမ်းအကြောင်းအရာလေးကို ကြည့်ရအောင်ပါ။ အသက် ၂၈ နှစ်အရွယ် ဆောယွန်းဟာ ကျေးလက်ဒေသမှာရှိတဲ့ မကျန်းမမာဖြစ်နေတဲ့ မိခင်ဖြစ်သူတွေကို လာတွေ့ဖို့ လာခဲ့တဲ့လမ်းမှာ သူ့ရဲ့ဖုန်းပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ရဲ့ ဗီရိုတခုထဲမှာ တွေ့ခဲ့တဲ့ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တဲ့ ဖုန်းအဟောင်းတလုံးကို ဆက်မိရာကနေ ဒီဇာတ်လမ်း စတင်ဖြစ်ပေါ်လာပါတယ်။
ဆောယွန်းဟာ ရုတ်တရက် ဆိုသလိုပဲ သူငယ်ချင်းဖြစ်သူကို ရှာဖွေနေတဲ့ အသက် ၂၈ နှစ်အရွယ် ယောင်းဆော့ဆိုတဲ့ မိန်းကလေးတဦးထံကနေ ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့ပါတယ်။ ပထမကတော့ သူဟာ ဖုန်းမှားနေတယ်လို့ဆိုပြီး ဖုန်းချပစ်ခဲ့ပေမယ့် နောက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ သူနေထိုင်တဲ့ တအိမ်တည်းကနေ သူ့ကို ခေါ်ဆိုနေတာဖြစ်တဲ့အကြောင်း သိရှိခဲ့ရပါတယ်။
မတူညီတဲ့ အချိန်ကာလမှာ ရှိနေတဲ့သူ နှစ်ယောက်ကို ဆက်သွယ်ပေးတဲ့ အဲ့ဒီဖုန်းခေါ်ဆိုမှုကနေ သူတို့ရဲ့လက်ရှိဘဝတွေ လုံးဝပြောင်းလဲခဲ့ရပါတယ်။
လူငယ်ဒါရိုက်တာ လီချောင်ဟွန်း ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးခဲ့တဲ့ အခုရုပ်ရှင်ကတော့ အတိတ်နဲ့ အနာဂတ် အချိန် Timeline ပြင်ဆင်မှုတွေအကြောင်း ဖော်ပြထားပါတယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တခုကို ပြင်ဆင်လိုက်မယ်ဆိုရင် အနာဂတ်မှာပဲ အကျိုးသက်ရောက်မှု ရှိခဲ့တဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။
ဒီဇာတ်လမ်းမှာကတော့ ဖခင်ဖြစ်သူကို ငယ်ငယ်က မီးလောင်မှုတခုမှာ ဆုံးရှုံးလိုက်ရတဲ့ သမီး ဆောယွန်းရဲ့ဘဝကို နောက်ကြောင်းပြန်မှာဖြစ်ပြီး အတိတ်ကာလမှာရှိနေတဲ့ ယောင်းဆော့ ရဲ့ စိတ္တဇဆန်ဆန်လုပ်ရပ်တွေကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရှုသူ ပရိသတ်တဦးအနေနဲ့ ဒီရုပ်ရှင်ရဲ့ အကျပ်အတည်းကနေ ဆောယွန်း တယောက် ရုန်းထွက်နိုင်ပါ့မလားဆိုတာ ဇာတ်သိမ်းတဲ့အချိန်အထိ မျက်တောင်မခတ်တမ်း ကြည့်ရမှာလည်း ဖြစ်ပါတယ်။ Timeline နှစ်ခုကို ချိတ်ဆက်ရမယ့် ဇာတ်လမ်းတွေကတော့ များသောအားဖြင့် ဇာတ်ညွှန်းဖန်တီးမှုပေါ်မှာ အဓိကကျပါတယ်။
ဒီဇာတ်လမ်းဟာ ဇာတ်ညွှန်းဖန်တီးမှု ပြည့်စုံတဲ့တဲ့အတွက် အတိတ်နဲ့ အနာဂတ်ကြား ဖြစ်ရပ်တွေမှာ ဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတာ နှစ်ခါ ပြန်ကြည့်စရာ မလိုလောက်အောင် ရှင်းလင်းလွန်းပါတယ်။ ထပ်ပြီးတော့ CGI အထူးပြုလုပ်ချက်တွေကတော့ တကယ့်ကို ရင်သပ်ရှုမောရလောက်အောင်ပါပဲ။
ဇာတ်ဝင်ခန်းတနေရာတည်းကို ပုံစံ ၃၊ ၄ မျိုးပြောင်းပြီး ဖန်တီးတဲ့နေရာမှာ အသေးစိတ်ကျတဲ့ ဇာတ်ဝင်ခန်းပစ္စည်းတွေကို ထားသိုမှုကတော့ ဒါဟာ ဖန်တီးထားတယ်လို့ ယုံမှားသံသယဖြစ်ဖွယ် မရှိလောက်အောင် သေသပ်လွန်းပါတယ်။
ဒီဇာတ်လမ်းရဲ့ နောက်ထပ်ထူးခြားတဲ့အချက်က သာမန်ရုပ်ရှင်တွေလို အမျိုးသားနဲ့ အမျိုးသမီးဇာတ်ကောင်ကြား ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံထားတာ မဟုတ်ဘဲ အမျိုးသမီးဇာတ်ကောင်ကို အဓိကထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်ရဲ့အနိမ့်အမြင့် အတက်အကျတိုင်းကို အဓိကဇာတ်ဆောင် ဆောယွန်းနဲ့ ယောင်းဆော့တို့ နှစ်ဦးလုံးက ပရိသတ်ကို ဆွဲခေါ်သွားနိုင်ပြီး နောက်ဆုံးအချိန်အထိ ပရိသတ်ကို ရင်မောတဲ့ခံစားချက်နဲ့ ကျန်နေခဲ့စေတာကတော့ ဇာတ်လမ်းရဲ့ အားသာချက် ဖြစ်ပါတယ်။ “The Call” ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို Netflix ကနေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
You may also like these stories:
BTS အဖွဲ့ရဲ့ “Dynamite” ဝတ်စုံတွေကို ပရဟိတအတွက် လေလံပစ်မည်
ကိုရီးယားဒရာမာအဖြစ် ပြန်လည် ပုံဖော်မယ့် စပိန်မှုခင်းစီးရီး “Money Heist”
“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်