စူပါမော်ဒယ်တဦးဖြစ်တဲ့ အောန်ဆိုင်းကတော့ ဒီဇင်ဘာလ ၁ ရက်နေ့က သူ့ရဲ့ဘဝလက်တွဲဖော်နဲ့ ပရိသတ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။
“ကိုဗစ်ကြောင့် လူတိုင်း မပျော်နိုင်လို့ အောန်ဆိုင်းရဲ့ မင်္ဂလာသတင်းလေးကို မတင်ဖြစ်သေးတာပါ။ ဒီနေ့တော့ နှစ်ကုန်လည်းဖြစ်၊ အော်န်ရဲ့ မွေးလလေးလည်းဖြစ်လို့ အားလုံး ဝမ်းသာရအောင် တင်လိုက်ပါတယ်နော်။ ကျမရဲ့ ဘဝလက်တွဲဖော်ကို အားလုံးနဲ့ သေချာ မိတ်ဆက်ပေးချင်ပါတယ်၊ သူ့နာမည်က CARL (ဖုန်းကျော်မိုးမြင့်) ပါ” လို့ အောန်ဆိုင်းက ပြောပါတယ်။
မေလ ၂၃ ရက်နေ့က ချစ်သူမှ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း တင်ပေးခဲ့ပြီး ငါးမျှားရင်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။
“ဒီဗီဒီယိုလေးက မေလ၂၃ တည်းက ရိုက်ထားတာပါ။ CARL ရဲ့ Surprise proposal လေးက အရမ်းကို sweet ဖြစ်ပါတယ်။ ကျမ မသိအောင် သူကျိတ်ပြီး စီစဉ်ထားတာ တော်တော်ကြာပြီ ပြောပါတယ်။ အဲ့နေ့ အမှတ်တရလေးကို ပြောပြမယ်နော်။ Carl က ငါးမျှားတဲ့ Vlog လေးရိုက်ချင်လို့ ဝင်ရိုက်ပေးပါ ဆိုပြီး အောန်ကို ပြောထားပေမယ့် အဲ့နေ့က သူက သူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ်။ အကုန်လုံးကပုန်းနေကြတာပေါ့”
“ကျမ အတွက် လက်စွပ်လေး စီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ Mommy ကိုယ်တိုင် ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျမအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရပါပဲ” လို့ ပြောပါတယ်။
ဒီဗီဒီယိုကိုတော့ ငါးမျှားရင်းနဲ့ လက်ထပ်ခွင့်တောင်းတာဖြစ်တဲ့အတွက် ချစ်သူက သူ့အတွက် အကြီးမားဆုံးငါးကြီးမိပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ “The Greatest catch” လို့ နာမည်ပေးခဲ့တယ်လို့ သိရပါတယ်။
“မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့ လက်ထက်ခွင့်တောင်းချိန်မှာတော့ ကျမအတွက် ဝမ်းသာ အံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ်။ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ဗီဒီယိုလေးကို “The Greatest catch” လို့ နာမည်ပေးဖြစ်သွားတာပါ။ ကျမက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့သူတွေအားလုံး ဘွားခနဲ ပေါ်လာပြီး အတူတူ ပျော်ရွှင်ကြပါတယ်” လို့ အောန်ဆိုင်းက ပြောပါတယ်။

ဆက်လက်ပြီး “ဒီလို ၂ ယောက်အတူ လျှောက်လှမ်းမယ့် ဘဝခရီးကို အမှတ်တရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် The love of my life Carl ကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း၊ အစ်ကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျမအတွက်တော့ ဘုရားသခင် ကောင်းချီးပေးခြင်းပါ”
“အဲ့နေ့က အချိန်ပေးလာရောက် ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမနဲ့ Carl ရဲ့ရှေ့ဆက်ရမယ့် ဘဝခရီးကို အကောင်းဆုံး လျှောက်လှမ်းဖို့ ပြင်ဆင်နေပါတယ်။ အောန်ကိုချစ်တဲ့ ပရိတ်သတ်ကြီးလည်း အတူတူ ဝမ်းသာရအောင် တင်ပေးလိုက်ပါတယ်နော်။ ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေ သယ်ဆောင်လာပေးမယ့် ဒီဇင်ဘာလလေး ဖြစ်ပါစေ” လို့ အောန်ဆိုင်းက ဆိုထားပါတယ်။
ရှေ့ဆက်မယ့် ဘဝခရီးကိုလည်း အကောင်းဆုံး လျှောက်လှမ်းဖို့အတွက် ပြင်ဆင်နေပြီး ချစ်သူရဲ့ မိသားစုဝင်များကလည်း အောန်ဆိုင်းကို နွေးထွေးစွာနဲ့ ကြိုဆိုပေးကြတဲ့အတွက်လည်း ကံကောင်းတယ်လို့ ဆိုပါတယ်။
You may also like these stories:
ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် အလျင်အမြန် ချခဲ့ရတဲ့ Huang Xiaoming
“ဦးဗေလုဝရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီ”လို့ ဇနီးဖြစ်သူ ပြော
မြန်မာပြည်က ပရိသတ်တွေအတွက် Online Live Show လုပ်ပေးမယ့် မိုရီဆာကီဝင်း