ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဖျော်ဖြေရေးများကို အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ ယခု လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေမှုမှာတော့ အဆိုတော် မျိုးကျော့မြိုင်က တချိန်က အောင်မြင်ကျော်ကြားခဲ့ပြီး၊ ယနေ့တိုင် အောင်မြင်ဆဲဖြစ်တဲ့ တေးရေး ကိုနေဝင်းရဲ့ “စစ်ကိုင်းလမ်း” သီချင်းနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“ကျနော် ရန်ကုန် တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် ဂုဏ်ပြု ဖျော်ဖြေပွဲမှာ သီဆိုဖို့ ကိုနေဝင်း ရေးသားထားတဲ့ “စစ်ကိုင်းလမ်း” ဆိုတဲ့ သီချင်းကို ရွေးချယ်ထားပါတယ်”လို့ မျိုးကျော့မြိုင်က ပြောပါတယ်။
“စစ်ကိုင်းလမ်း” သီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရ အကြောင်းအရာကိုလည်း အခုလို ပြောခဲ့ပါတယ်။
“ဒီသီချင်းလေးကို ကျနော် ၁၅ နှစ်အရွယ်ကတည်းက ကြိုက်နှစ်သက်ခဲ့တာဖြစ်သလို ကျနော် ကိုယ်တိုင် အမှတ်မှားနေခဲ့တာလည်း ရှိပါတယ်။ အဲဒါကတော့ သီချင်းထဲမှာပါတဲ့ “စစ်ကိုင်းလမ်း” ဆိုတာ တက္ကသိုလ်မှာ ရှိတဲ့ “စစ်ကိုင်းလမ်း” ကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ဒီသီချင်းကို ရေးသား ထုတ်လုပ်တဲ့ ကိုနေဝင်း ကိုယ်တိုင် ရှင်းပြထားတဲ့ ဗီဒီယိုလေး ကြည့်လိုက်ပြီးတော့မှ သိလိုက်ရပါတယ်” လို့ ပြောပါတယ်။
ဒီသီချင်းကို တေးသံရှင် ခိုင်ထူးက တက္ကသိုလ်ထဲမှာ အများဆုံး သီဆိုခဲ့တာဖြစ်တာကြောင့် အဲဒီအချိန်ကာလက တက္ကသိုလ်သီချင်းလို့ မှတ်ထားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဟိုးငယ်ငယ်တုန်းကတော့ အဲဒီထဲမှာပါတဲ့ “ကြားရတဲ့ ရထားသံ ရင်ခုန်သံလား”ဆိုတဲ့ စာသားဟာ ရန်ကုန်တက္ကသိုလ်ထဲက “စစ်ကိုင်းလမ်း” အတွက် ရည်ရွယ်တာ မဟုတ်လောက်ဘူးဆိုပြီးတော့ စဉ်းစားမိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီသီချင်း ထွက်ပြီးတဲ့နောက်ပိုင်းမှာ ကိုခိုင်ထူး အများဆုံး သီဆိုခဲ့တာကလည်း တက္ကသိုလ်ထဲမှာဖြစ်နေတော့ ကျနော်တို့အတွက် အဲဒီအချိန်မှာ သီချင်းနဲ့ ၊ နေရာနဲ့၊ လူငယ်ခံစားချက် စိတ်လှုပ်ရှားမှုတွေနဲ့ပါ အကုန်လုံးကို တွဲပြီး ကျနော်တို့ ရင်ထဲ မှတ်ခဲ့ကြတာပါ” လို့ မျိုးကျော့မြိုင်က ပြောပါတယ်။
တေးသီချင်း ဖန်တီးသူ ကိုနေဝင်းကလည်း သူ့ရဲ့သီချင်းတွေအကြောင်း၊ သီချင်းတွေပေါ်မှာ ရည်ရွယ်ထားတဲ့တာတွေကို စာအုပ်အဖြစ် ဖန်တီးထားတာကြောင့် ပိုသိသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
You may also like these stories:
ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ
ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် “20 Years of Examplez Live Show”
ဘဝလက်တွဲဖော်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ စူပါမော်ဒယ် အောန်ဆိုင်း