Entertainment

အနုပညာလောကထဲ အတက်အကျ မျိုးစုံနဲ့ နှစ် ၂၀ ကျင်လည်ခဲ့တဲ့ ထွန်းထွန်း

အဆိုတော်တယောက်အနေနဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့ရာမှ သရုပ်ဆောင်ဘဝမှာ အကယ်ဒမီရတဲ့အထိ အနိမ့်အမြင့် အတက်အကျမျိုးစုံကို နှစ် ၂၀ ကျော် ကျင်လည် ဖြတ်သန်းခဲ့ပြီလို့ ထွန်းထွန်းက ပြောပါတယ်။

“ကျနော် ထွန်းထွန်း အသက် ၁၆၊ ၁၇ ကတည်းက Examplez မှာ သီချင်းတွေဆိုခဲ့၊ သီချင်းရေးခဲ့တယ်။ ၂၀၀၀-၂၀၀၁ ပေါ့။ အခုဆို ဘာလိုလိုနဲ့ ဒီ အနုပညာလောကထဲမှာ အနိမ့်အမြင့် အတက်အကျ ပုံစံမျိုးစုံ ဘဝမျိူးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တယ်။ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့်သာ ကျနော်ရပ်တည်နေနိုင်တာဖြစ်သလို ကျနော့်ကို ယုံကြည်မှုရှိပေးကြတဲ့ ထုတ်လုပ်ရေးတွေ၊ ပရိုဂျူဆာတွေနဲ့ အမြဲတမ်း ကူညီ စောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်း ဖြစ်ပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

Examplez အဖွဲ့မှာ သီချင်းများဆို ၊ရေးခဲ့ပြီး ရုပ်ရှင်လောကထဲဝင်ရောက်တဲ့အခါမှာလည်း လိုင်းကြောင်တယ်ဆိုတဲ့ စကားများကြားထဲကနေ အခုလို အကယ်ဒမီရတဲ့အထိ ကြိုးစားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း (ဓာတ်ပုံ – Htin Aung Tun’s Facebook)

“ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီ ရောက်တော့လည်း တချို့တွေက “သီချင်းပဲ ဆိုစမ်းပါ။ လိုင်းကြောင်ပြန်ပြီ” ဆိုတာ မကြားတကြား ပြောတာတွေ၊ နာမည်တပ် ဒဲ့ စော်ကားခံရတာတွေ ကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားလေ့လာခဲ့ရတယ်။ အခုထိ သင်ယူကြိုးစားနေဆဲပါပဲ”

“ခင်ဗျားတို့ အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ်တကောင် အနေနဲ့ ပထမဆုံး အကယ်ဒမီ ရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ်။ ကြိုးစားခဲ့တယ်။ ရခဲ့တယ်။ ဒါကလည်း ကျနော် တယောက်တည်း တော်နေ၊ တတ်နေလို့ လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ ဆရာကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း၊ Team Work ကောင်းလွန်းလို့ ကျနော်က မြှောက်စားခြင်း ခံခဲ့ရတာပါ” လို့ ထွန်းထွန်းက ပြောပါတယ်။

ဒီလို ဖြတ်သန်းခဲ့တဲ့အခါမှာ နှင်းဆီအဖွဲ့ဟာလည်း သူ့ရဲ့မိသားစုတခု ဖြစ်သလို Examplez အဖွဲ့ဟာ သူ့ရဲ့ပထမဆုံး မိသားစုတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘဝရဲ့မှတ်တိုင်တွေမှာ အမြဲတမ်း အနားမှာ ရှိနေပေးနိုင်တာ မိသားစုပါ။ အခုဆိုရင် ကျနော့်ကို နှင်းဆီအငြိမ့် မိသားစုရဲ့သားတယောက်လို့ မြင်နေပေးကြပါပြီ။ နှင်းဆီအဖွဲ့က ကျနော့်အတွက် မိသားစုကြီးဆိုရင် Examplez ကကျနော့်ရဲ့ပထမဆုံး မိသားစုလေးပါပဲ။ သူတို့တွေ နဲ့ အတူတူ လူလားမြှောက်လာကြတယ်။ ဝါသနာကို အရင်းတည်ပြီး ဖြစ်ချင်တာတွေကို လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တယ်။ စကားများတယ်။ ပြန်ခေါ်တယ်၊ ထပ်ကောက်တယ်။ ပြဿနာတွေ အတူတူ ဖြေရှင်းကြတယ်။ ခရီးတွေ အများကြီး အတူတူ ထွက်ခဲ့ကြတယ်။ ဖေးမခဲ့ကြတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

Examplez အဖွဲ့ရဲ့ နှစ် ၂၀ ပြည့် Online Live Show ဟာလည်း ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

မကြာခင် ကျင်းပမယ့် “20Years of Examplez Live Show”

“Examplez ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် အခုဆို အနှစ်၂၀၊ 20Years of Examplez Music Live ပွဲကြီးကို ရည်မှန်းထားတဲ့အတိုင်း စီစဉ်ခဲ့နိုင်ပါပြီ။ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့ ည ၇နာရီမှာ ကျနော်တို့တွေ သီချင်းတွေ ဆိုပြပါမယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းလေးတွေကို ရင်းရင်းနှီနှီး ပြောပြချင်ပါတယ်။ ဒါကြောင့် Examplez ပရိသတ်တွေ အချိန်လေးပေးပြီး ကြည့်ဖို့ လေးနက်စွာ ဖိတ်ခေါ်ပါတယ်။ လာရောက် စိတ်အမောတချို့ ဖြေဖျောက်ကြပါဗျာ” လို့ ပြောပါတယ်။

“20 Years of Examplez” Live Show ကိုတော့ Mizzima ရုပ်သံလိုင်းနဲ့ My Tel Page, V7 Entertainment, Media 7 Page တို့မှာ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

You may also like these stories:

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် “20 Years of Examplez Live Show”

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း

မြန်မာပြည်က ပရိသတ်တွေအတွက် Online Live Show လုပ်ပေးမယ့် မိုရီဆာကီဝင်း

Loading