Blackpink အဖွဲ့ဝင်တွေဟာ “The Show” လို့ အမည်ရတဲ့ ဖျော်ဖြေပွဲ တပွဲကို မကြာခင် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခု ဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာလ ၂၇ ရက်၊ ကိုရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး သူတို့အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူတဲ့အချက်ကတော့ သူတို့ရဲ့အဖွဲ့ရဲ့ YouTube ချန်နယ်ကနေသာ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ပထမဆုံး Livestream ပြသတဲ့ ဖျော်ဖြေပွဲမှာတော့ “How You Like That” နဲ့ “Ice Cream” တို့လို သီချင်းတွေ ပါဝင်ကြတဲ့ “The Album” ထဲက သီချင်းတွေကို ပထမဆုံးအနေနဲ့ ဖျော်ဖြေတင်ဆက်ကြမှာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေဖြစ်တဲ့ Blink တွေနဲ့အတူ အခုနှစ်ကို အဆုံးသတ်ချင်တာကြောင့် အခုလို ဖျော်ဖြေပွဲကို ပြုလုပ်ဖို့ စီစဉ်ရတာလို့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ အဖွဲ့ကြေညာခဲ့ပါတယ်။
သူတို့က “အိမ်ကနေ ကျမတို့ရဲ့ ပထမဆုံး Livestream ဖျော်ဖြေပွဲဖြစ်တဲ့ The Show ကို အားလုံးစိတ်သက်သောင့်သက်သာနဲ့ ခံစားနိုင်မယ်လို့ မျှော်လင့်ထားပြီး ကျမတို့ရဲ့ ချန်နယ်ကို လာရောက် ပါဝင်ထားကြတဲ့သူတွေအတွက် ပြင်ဆင်ထားတဲ့ အထူးအစီအစဉ် အချို့မှာလည်း ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ Blackpink အဖွဲ့ရဲ့ တရားဝင် YouTube ချန်နယ်မှာ မန်ဘာဖြစ်ခွင့်ကို ဝယ်ယူပြီး “The Show” ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ၂၉ ဒသမ ၉၉ ဒေါ်လာနဲ့ ၃၉ ဒသမ ၉၉ ဒေါ်လာဆိုပြီး ပုံစံနှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
Blackpink အဖွဲ့ဟာ လက်ရှိမှာတော့ YouTube မှာ ဒုတိယမြောက် Subscribe အများဆုံး အနုပညာရှင်ဖြစ်ပြီး Follower ၅၄ သန်း ရှိပါတယ်။
YouTube ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဂီတဌာန အကြီးအကဲ Lyor Cohen က “The Show ဟာ တကယ့်ကိုပဲ အံ့သြဖို့ကောင်းတဲ့ အချိန်တခု ဖြစ်မှာပါ။ Blackpink အဖွဲ့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး အနုပညာရှင်တွေထဲက အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ အခုလိုမျိုး ထူးခြားတဲ့ အရည်အချင်းရှိတဲ့တွေ၊ YG အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ရတာ ကျနော်တို့ အရမ်းဂုဏ်ယူရပါတယ်” လို့ ပြောကြားထားပါတယ်။
Ref:cnalifestyle
You may also like these stories:
အနုပညာလောကထဲ အတက်အကျ မျိုးစုံနဲ့ နှစ် ၂၀ ကျင်လည်ခဲ့တဲ့ ထွန်းထွန်း
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာ “စစ်ကိုင်းလမ်း” သီချင်းနဲ့ ဖျော်ဖြေမယ့် မျိုးကျော့မြိုင်
ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ