နာမည်ကျော် အိန္ဒိယအက်ရှင်မင်းသား Rajinikanth ဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာပဲ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ ပြည်နယ်မှာ အကျင့်ပျက်ခြစားမှု ကင်းစင်တဲ့ အစိုးရဖြစ်အောင် ဖော်ဆောင်မယ်လို့ ဆော်သြ ပြောဆိုခဲ့ပါတယ်။
အာရှရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားတယောက်ဖြစ်တဲ့ အဲ့ဒီအက်ရှင်မင်းသား Rajinikanth က “သူဟာ လာမယ့် ဇန်နဝါရီလမှာ နိုင်ငံရေးပါတီတခုကို ထူထောင်မှာဖြစ်ပြီး လာမယ့်နှစ် တမီနာဒူးလ်ပြည်နယ်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေထံကနေ ကြီးမားတဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ထားကြောင်း Twitter ကနေ ရေးသားခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ်၊ ဘတ်စ် ယာဉ်နောက်လိုက်ဟောင်း မင်းသားက ပြည်သူတွေဟာ ရိုးသားတဲ့၊ ပွင့်လင်းမြင်သာနဲ့ အကျင့်ပျက်ခြစားမှု ကင်းစင်တဲ့၊ ဇာတ်ခွဲခြားမှု နည်းပါးတဲ့၊ တက်ကြွပြီး စိတ်အားထက်သန်တဲ့နိုင်ငံရေးကို ပြည်နယ်တွင်းမှာ လိုချင်နေခဲ့ကြကြောင်း ပြောဆိုခဲ့ပါတယ်။
သူကိုယ်တိုင် ဘယ်အချက်အပေါ်မှာ ရပ်တည်သလဲဆိုတာကို မပြောပြခဲ့ပေမယ့် “အံ့သြဖို့ကောင်းတဲ့ ထူးခြားတဲ့အရာတွေ ဖြစ်ပေါ်လာတော့မယ်” လို့လည်း ဆိုပါတယ်။
မင်းသား Rajinikanth ပါဝင်ခဲ့တဲ့ ရုပ်ရှင်တိုင်းဟာ တမီနာဒူးလ် ပြည်နယ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ပရိသတ်တွေဟာဆိုရင် သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ပုံစံအတိုင်း ဆံပင်လိုက်ညှပ်တာ၊ ခန္ဓာကိုယ်တွေပေါ်မှာ သူ့ရဲ့ မျက်နှာပုံကို တက်တူးထိုးကြတာတွေ ပြုလုပ်လေ့ ရှိကြပါတယ်။
အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ Bangalore မြို့က ယာဉ်တွေအတွက် အလုပ်လုပ်ခဲ့ပေးဖူးတဲ့ မင်းသား Rajnikanth ဟာ ၁၉၇၃ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ တမီနာဒူးလ်ပြည်နယ် အစိုးရကို ဆန့်ကျင်ကြဖို့ ပရိသတ်ကို တောင်းဆိုရာကနေ သူ့ရဲ့ နိုင်ငံရေးစိတ်ဓာတ်တွေ ပေါ်လွင်လာခဲ့ပါတယ်။
မင်းသားက သူဟာ တမီနာဒူးလ်ပြည်နယ်ကို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံရေးလောကထဲ ဝင်ချင်တယ်လို့ ၂၀၁၇ ခုနှစ်မှာ ပြောဆိုခဲ့ဖူးပါတယ်။ နိုင်ငံရေးလောကထဲ တရားဝင် ဝင်ရောက်ဖို့ အချိန်တော်တော်ကြာ မျှော်လင့်နေခဲ့ကြတဲ့ ပရိသတ်တွေကတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
မင်းသားဟာ Rajini Makkal Mandram လို့ခေါ်တဲ့ လှုပ်ရှားမှုကို စတင်ခဲ့ရာကနေ ရုပ်ရှင်မင်းသားတယောက်အတွက် နိုင်ငံရေးဏ္ဍသစ်တခုကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်တော်တော်များများကို ရိုက်ကူးခဲ့ပေမယ့် ကျန်းမာရေး ပြဿနာတချို့ကြောင့် သူ့ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေကို လက်လျှော့လိမ့်မယ်လို့ ပရိသတ်တချို့ကတော့ ယုံကြည်ထားပါတယ်။
အိန္ဒိယရုပ်ရှင်လောကထဲမှာတော့ အခုလိုမျိုး အနုပညာလုပ်ငန်းကနေ နိုင်ငံရေးလောကထဲ ဝင်လာတာ Rajinikanth တယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့ရဲ့အရှေ့မှာလည်း ဟင်ဒီစတား Sunny Deol ဟာလည်း လွှတ်တော်အမတ်တဦးဖြစ်ပြီး တမိးလ်မင်းသား Kamal Haasan ဟာလည်း ၂၀၁၈ ခုနှစ်မှာ ကိုယ်ပိုင်ပါတီ တည်ထောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာတော့ တနေရာမှ အနိုင် မရဘဲရှုံးနိမ့်ခဲ့ပါတယ်။
မင်းသားကြီး အမီတာဘဂျမ်းရဲ့ ဇနီး၊ မင်းသမီးကြီး Jaya Bachchan ဟာလည်း Rjya Sabha အထက်လွှတ်တော် အမတ်တဦးအနေနဲ့ ၄ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်နေပါတယ်။ ဟာသသရုပ်ဆောင် Govinda ဟာလည်း ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ အထိ လွှတ်တော်အမတ်တဦးဖြစ်ခဲ့ပြီး မင်းသမီး Rekha ကတော့ Rajya Sabha လွှတ်တော်အမတ်တဦး ဖြစ်ခဲ့ပါတယ်။
Ref:cnalifestyle
You may also like these stories:
YouTube ကနေ ပထမဆုံး အွန်လိုင်းဖျော်ဖြေပွဲ လုပ်မယ့် “Blackpink” အဖွဲ့
အနုပညာလောကထဲ အတက်အကျ မျိုးစုံနဲ့ နှစ် ၂၀ ကျင်လည်ခဲ့တဲ့ ထွန်းထွန်း
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာ “စစ်ကိုင်းလမ်း” သီချင်းနဲ့ ဖျော်ဖြေမယ့် မျိုးကျော့မြိုင်