MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ဒိုက်ရဲ့ ငယ်ဘဝအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင် အားကိုးရာက ဇာတ်လမ်း အမှတ်တရတွေအကြောင်း အခုလိုပဲ ပြောပါတယ်။
“မမှီဝဲနဲ့ ကင်းအောင်နေ ကားထဲမှာ ဒိုက်ရဲ့ ငယ်ဘဝ ရိုက်ရပါတယ်။ ဦးနေမျိုးအောင်နဲ့ သားနဲ့က သားအဖ၊ ဦးနေမျိုးအောင် မွေးစားထားတဲ့ သားတယောက်အနေနဲ့ သရုပ်ဆောင်ရတယ်။ အရုပ်ခိုးတဲ့ အခန်းမှာ သားကို ပစ်တင်လိုက်တာ နာတော့ နာသွားတယ်။ သိပ်တော့ မနာပါဘူး။ ဇာတ်ကားတွေ ရိုက်ရင် သိပ်တော့ အခက်အခဲ မရှိပါဘူး”လို့ အားကိုးရာက ပြောပါတယ်။

လက်ရှိမှာတော့ အားကိုးရာက ဇာတ်လမ်းတွဲတွေမှာ ပြန်လည် ပါဝင် သရုပ်ဆောင်နေပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ပြန်ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
“”ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်း ရိုက်နေပါတယ်။ ဇာတ်လမ်းထဲမှာ ကိုကြီး ကျော်ထက်ဇော်ရယ်၊ မမ နန်းစန္ဒာလှထွန်းရယ်၊ မမ နန်းဒေဝီရယ် ပါပါတယ်။ သားက မမ နန်းစန္ဒာလှထွန်းနဲ့ ကိုကြီး ကျော်ထက်ဇော်တို့ရဲ့သား လုပ်ရတာပါ။ အဲ့ကားအတွက်တော့ သား သိပ်မပြင်ဆင်ရပါဘူး။ ဒီတိုင်းရိုက်ရုံပါပဲ”
“အခုက ကိုဗစ်ကာလဆိုတော့ သားမရိုက်ခင်ထိ Mask တပ်ထားရတယ်။ Hand gel တွေ သုံးတယ်။ တယောက်နဲ့ တယောက်လည်း ခပ်ခွာခွာ နေရတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လုပ်ကိုင်ပါတယ်။ နောက်ပိုင်းလည်း သားဇာတ်ကားတွေ လာဖို့ ရှိပါတယ်။ အားပေးကြပါဦး။ သားကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ သားအများကြီး ကြိုးစားသွားပါဦးမယ်”လို့ အားကိုးရာက ပြောပါတယ်။
ကိုဗစ်ကာလ ဖြစ်တာကြောင့် အရင်နှစ်တွေကလို အပြင်မသွားရတော့ဘဲ ဒီနှစ် မွေးနေ့ကို ဖြတ်သန်းဖြစ်ပုံလည်း အားကိုးရာက အခုလိုပဲ ဆိုပါတယ်။

“သား ဒီနှစ် မွေးနေ့လေးကိုတော့ ရှုတင်မှာပဲ ကိတ်မုန့် ခွဲလိုက်တယ်။ ရှုတင်ကို ဆင်းန် ၃ ဆင်းန် ရိုက်ပြီး ကိတ်မုန့်ခွဲတယ်။ အိမ်မှာလည်း ကိတ်ခွဲတယ်။ ဖေဖေကတော့ ဖုန်းလက်ဆောင် ပေးတယ်။ မေမေက ဘာပေးမလဲ မသိသေးဘူး။ ပေးမယ်တော့ ပြောတယ်။ မွေးနေ့မှာတော့ ပျော်ဖို့တော့ ကောင်းတယ်။ ဒီနှစ် ၁၁ နှစ် ပြည့်တာပါ”
“အရင်နှစ်တွေကလို အပြင်တွေ သွားလို့လည်း မရဘူး။ အိမ်တွင်းပုန်းပြီး Stay home ပဲ နေရတာပေါ့။ အဲ့လို နေရတော့ နည်းနည်း ပျင်းတာပေါ့။ မွေးနေ့မှာ ဘုရားတွေလည်း မသွားရတော့ အိမ်က ဘုရားပဲ ရှိခိုးလိုက်ပါတယ်”လို့ အားကိုးရာက ပြောပါတယ်။

ကလေးသရုပ်ဆောင် အားကိုးရာကိုတော့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ “မုန်းမာန်” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ သိရှိ အားပေးခဲ့ကြတာဖြစ်ပြီး အခြား ဇာတ်လမ်းတွဲများစွာမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ကိုဗစ်ကာလမှာ အခွေအသစ် ထွက်တာ အတွေ့အကြုံသစ် ရတယ်”လို့ X-box ပြော
အနုပညာလောကထဲ အတက်အကျ မျိုးစုံနဲ့ နှစ် ၂၀ ကျင်လည်ခဲ့တဲ့ ထွန်းထွန်း
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာ “စစ်ကိုင်းလမ်း” သီချင်းနဲ့ ဖျော်ဖြေမယ့် မျိုးကျော့မြိုင်