COVID-19 ရောဂါကြောင့် ဧရာဝတီ ကိုဗစ် ကုသရေး စင်တာမှာ ကုသမှု ခံယူနေတဲ့ လူရွှင်တော်ကြီး မိုးဒီနဲ့ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူရွှင်တော် ဧရာတို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။
“ဆရာ ကိုဧရာရယ်၊ အဖေ ဦးမိုးဒီရယ် နှစ်ယောက်စလုံး ကျန်းမာရေး ကောင်းပါတယ်။ စိုးရိမ်ရတဲ့ အနေအထားမှာ မရှိသေးပါဘူးခင်ဗျာ။ အားလုံး မေးနေကြလို့ တင်ပေးတာပါနော်”လို့ လူရွှင်တော် အောင်သော်က သူ့ရဲ့ Facebook အကောင့်မှာ ရေးသား တင်ထားပါတယ်။
အော်သော်ကတော့ သူတို့နှစ်ဦးစလုံးကို Video call ဖြင့်ခေါ်ကာ ကျန်းမာရေး အခြေအနေများ မေးမြန်းခဲ့တာဖြစ်ပြီး နှစ်ဦးလုံးရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဧရာဝတီ ကိုဗစ်စင်တာမှာ သရုပ်ဆောင် နေလင်းလည်း တက်ရောက် ကုသမှု ခံယူနေပြီး လူရွှင်တော်ကြီး မိုးဒီနဲ့ အဆက်အသွယ် ရတယ်လို့ ဆိုပါတယ်။ “လေးလေး မိုးဒီဆီ ရောက်ဖြစ်တယ်။ သူငယ်ချင်းက ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်ကြောင်းပါ”လို့ နေလင်းက ပြောပါတယ်။
လူရွှင်တော် ဧရာက သူနေမကောင်းပေမယ့် သူ့ရဲ့ မိသားစု လုပ်ငန်းဖြစ်တဲ့ ထီဆိုင်လုပ်ငန်းကိုတော့ ဆက်လက် ဖွင့်ထားတယ်လို့ အသိပေးထားပါတယ်။
“ကျနော် နေမကောင်းပေမယ့် ထီဆိုင်လေးကတော့ နေကောင်းပါတယ်။ ဒီလလည်း ထီရောင်းပါတယ်နော်။ ညီမလေးတွေရဲ့ ဖုန်းနံပါတ်တွေနဲ့လည်း အားပေးလို့ ရပါတယ်ခင်ဗျာ”လို့ ဧရာက ဒီဇင်ဘာလ ၄ ရက်နေ့က သူ့ရဲ့ Facebook အကောင့်မှာ ရေးတင်ထားပါတယ်။
မိုးဒီရဲ့ သားဖြစ်သူ ကောင်းစံကတော့ ဖခင်ကို အနီးကပ် ပြုစုပေးနေသူဖြစ်ပြီး သူကိုယ်တိုင်လည်း ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး Positive ဖြစ်ခဲ့ရင် ကုသမှု ခံယူသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်က အနီးကပ်ပြုစုပေးနေပါတယ်။ ကျနော် အဖေ့ကို အမြန်ပြန်ကောင်းစေချင်တယ်။ အိမ်က မိသားစုကတော့ Home Quarantine ပဲ။ သူတို့ ပြည့်တော့မယ်။ ကျနော်က အနီးကပ် ပြုစုနေပေမယ့် အခုထိတော့ မစစ်သေးဘူး။ စစ်တော့ စစ်မှာပါ။ Negative ဖြစ်ရင်တော့ ပြဿနာ မရှိဘူး။ Positive ဖြစ်ရင်လည်း ကူသမှု ခံယူရမှာပေါ့”လို့ ကောင်းစံက ပြောပါတယ်။
ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး မိုးဒီဟာ ဆီချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါအခံရှိသူဖြစ်ပြီး လက်ရှိ ဧရာဝတီ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှု ခံယူနေပါတယ်။ လူရွှင်တော် ဧရာကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။