စင်ကာပူနိုင်ငံမှာ နှစ်စဉ် ပြုလုပ်နေကျ “Asian Academy Creative Awards” ပွဲကြီးရဲ့ Grand Final ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ညက ပြုလုပ်ခဲ့ပြီး၊ အဆိုပါ ပွဲကို မြန်မာနိုင်ငံမှ အနုပညာရှင်များက အွန်လိုင်းကနေ Virtually တက်ရောက်ခဲ့ကြပါတယ်။
အဲဒီပွဲမှာတော့ မြန်မာနိုင်ငံမှ National Winner ဆု ၄ ဆု ရရှိထားတဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲမှ “အကောင်းဆုံး ဇာတ်ဝင်တေးဆု” ကို ရရှိခဲ့ပါတယ်။ ဒီလို ဆုရရှိခဲ့တဲ့အတွက် “လိပ်ပြာ” ဇာတ်လမ်းတွဲ အဖွဲ့သားတွေ အားလုံး ဝမ်းသာဂုဏ်ယူနေတဲ့အကြောင်း အဆိုတော် ပန်းရောင်ခြယ်က အခုလိုပဲ ပြောပါတယ်။

“တနေ့ညက Asian Academy Creative Awards ဆုပေးပွဲကို ပန်းရောင်တို့တွေ အားလုံး ကိုယ့်နိုင်ငံကိုယ်ဆီကနေ virtually တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက် တေးရေး/music producer Daniel Saw က၊ Youn Ni Ko သီဆိုထားတဲ့ “လိပ်ပြာ” ရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “Enemies of You” သီချင်းနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ရရှိသွားခဲ့ပါတယ်။ ပန်းရောင်တို့တွေ အရမ်းဂုဏ်ယူပျော်ရွှင်ရပါတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
အဆိုပါ “လိပ်ပြာ” (အမှန်တရားရဲ့ ဓါးတစ်လက်) ဇာတ်လမ်းတွဲကိုတော့ CANAL+ ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးကာ သရုပ်ဆောင်များအနေနဲ့ ပန်းရောင်ခြယ်၊ ခါရာ ၊ မြတ်နိုးအေး၊ အောင်ရဲထိုက်၊ ချာလီ၊ မင်းဦး၊ သန်းသန်းစိုးနဲ့ အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
မကြာခင်မှာလည်း “လိပ်ပြာ” စီးရီး Season 2 ကို CANAL+ ရုပ်သံလိုင်းမှာ ဆက်လက် ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ပရိသတ်တွေ အားပေးကြဖို့ ပန်းရောင်ခြယ်က ဖိတ်ခေါ်ထားပါတယ်။ “မကြာခင် “လိပ်ပြာ” Season 2 ကို CANAL+ ကနေထုတ်လွှင့်ပြသတော့မှာမို့ စောင့်ကြည့်ပေးပါ”လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။

CANAL+ ရုပ်သံလိုင်းမှလည်း “အာရှအနုပညာဆိုင်ရာ တီထွင်ဖန်တီးမှု အကယ်ဒမီ ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို CANAL+ ZAT LENN ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “လိပ်ပြာ Season 1”ရဲ့ ဇာတ်ဝင်သီချင်း “Enemies of You” ဖြင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားတဲ့အတွက် CANAL+ Myanmar မှလည်း အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ဆိုပါတယ်။
“လိပ်ပြာ” Season 1 ကို ပရိသတ်တွေအတွက် ဒီဇင်ဘာလ ၁၄ ရက်မှစပြီး တနင်္လာမှ သောကြာနေ့တိုင်း၊ ည ၇ နာရီအချိန်မှာ CANAL+ ZAT LENN ရုပ်သံလိုင်းကနေ ပြန်လည် ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။ “လိပ်ပြာ” ဇာတ်လမ်းတွဲ Season 2 ကိုတော့ မကြာခင် ပြသသွားမယ်လို့ သိရပါတယ်။