နာမည်ကျော် Streaming ပလက်ဖောင်းဖြစ်တဲ့ Netflix ဟာ သူတို့ရဲ့ “The Crown” စီးရီး အပိုင်းတွေရဲ့ အစပိုင်းမှာ အဲ့ဒီစီးရီးကို စိတ်ကူးယဉ် ဖန်တီးထားတာဖြစ်ကြောင်း ဖော်ပြဖို့ ဗြိတိန်ယဉ်ကျေးမှုဝန်ကြီးရဲ့ တောင်းဆိုချက်ကို ပယ်ချလိုက်ကြောင်း ဗြိတိန်မီဒီယာ တော်တော်များများက ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ကြပါတယ်။
တော်ဝင်မိသားစုတွေအဖြစ် သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အခုစီးရီးဟာ ကြည့်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး တော်ဝင်မိသားစုအပေါ် လေးစားမှုကို ထိခိုက်နိုင်ကြောင်း စောဒကတက်ခဲ့ကြတဲ့ နာမည်ကျော်ကြား ဗြိတိန်နိုင်ငံသားတွေထဲမှာ ယဉ်ကျေးမှုဝန်ကြီး Oliver Dowden လည်း ပါဝင်လာတာ ဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ ဝန်ကြီး Dowden နဲ့ Netflix တို့က ဒီကိစ္စနဲ့ စပ်လျဉ်းလို့ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ Reuters သတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ Netflix ဘက်က တုံ့ပြန်တာမရှိသေးပါဘူး။
လန်ဒန်မြို့က ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောခွင့်ရအမျိုးသမီးတဦးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ Netflix ကတော့ သူတို့ရဲ့ကြည့်ရှုသူတွေဟာ ဒီစီးရီးက ဖြစ်ရပ်မှန်တွေကို အခြေခံထားတာလို့ သိပ်ယုံကြည်မှာ မဟုတ်ကြောင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။
Netflix က “ကျနော်တို့ဟာ The Crown ကို ဒရာမာတခုအနေနဲ့ အမြဲတမ်း တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတခုဆိုတာ ကျနော်တို့ မန်ဘာတွေ နားလည်သဘောပေါက်မယ် ဆိုတာကို ကျနော်တို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ရှင်းလင်းချက်တခု ထပ်ထည့်ဖို့ လိုလည်း မလိုအပ်ပါဘူး။ အစီအစဉ်လည်း မရှိပါဘူး” လို့ ဆိုပါတယ်။
ဝန်ကြီး Dowden က “The Crown စီးရီးဟာ စိတ်ကူးယဉ် ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ကြည့်ရှုသူတွေက မှာယွင်းနေတဲ့ စိတ်ကူးယဉ် အချက်အလက်တွေကို ကိုးကားထားတဲ့ ဖြစ်ရပ်တွေကို လက်ခံနေမှာကိုတော့ သူ့အနေနဲ့ စိုးရိမ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက The Mail ကို ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဗြိတိန်နိုင်ငံသား ကြည့်ရှုသူတွေကတော့ “The Crown” စီးရီးကို ကြည့်ရှုရတာ ကျေနပ် နှစ်ခြိုက်ကြပေမယ့် ပြီးခဲ့တဲ့ Season မှာတုန်းက ကွယ်လွန်သူ တော်ဝင်မင်းသမီး ဒိုင်ယာနာဟာ တော်ဝင်မိသားစုထဲက အကြီးတွေရဲ့ သွေးအေးစွာ ရက်စက်မှုကို ခံခဲ့ရတယ်ဆိုတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်လို့် ဝေဖန်မှုတွေတော့ ရှိခဲ့ပါတယ်။
Guardian သတင်းစာမှ ဆောင်းပါးရှင် Simon Jenkins ကတော့ အဲ့ဒီစီးရီးရဲ့ စတုတ္ထ Season ဟာ လုပ်ကြံ လီဆယ်ထားတာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် အလျင်အမြန် ချခဲ့ရတဲ့ Huang Xiaoming
အတိတ်နှင့် အနာဂတ်ကြားမှ ဖုန်းခေါ်သံ (သို့မဟုတ်) “The Call” ရုပ်ရှင်
ကိုရီးယားဒရာမာအဖြစ် ပြန်လည် ပုံဖော်မယ့် စပိန်မှုခင်းစီးရီး “Money Heist”