တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ရုံတွေမှာ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရမှုတွေကို ကုစားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ ရုပ်သံစီးရီးတွေကို ပြသနေပြီလို့ သိရပါတယ်။
ဖျော်ဖြေရေးလုပ်ငန်းစုကြီး CJ Group ကနေ လုပ်ကိုင်နေတဲ့ ရုပ်ရှင်ပြသရေးလုပ်ငန်း CGV ကတော့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကစလို့ “Breakup Suspension” စီးရီးကို ပြသဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီစီးရီးဟာ ရုပ်သံလိုင်းမှာ အခုလနှောင်းပိုင်းကျမှ ပြသမှာလည်း ဖြစ်ပါတယ်။
Girls’ Generation အဖွဲ့ဝင် ယူရီနဲ့ မင်းသား Hyun Woo တို့ပါဝင်ထားကြတဲ့ အဲ့ဒီစီးရီးဟာ ခင်ပွန်းလောင်းရဲ့ အသက်ကို ကယ်တင်ဖို့ တပတ်အတွင်း အဲ့ဒီအမျိုးသားကို ထားခဲ့ရမယ့် အမျိုးသမီး တယောက်ရဲ့ ဇာတ်လမ်းအကြောင်းအရာ ဖြစ်ပါတယ်။
CGV ဟာ အဲ့ဒီဒရာမာရဲ့ ၁၄၇ မိနစ်ကြာမြင့်မယ့် ရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီး ကြော်ငြာတွေ ပါဝင်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရုပ်သံလိုင်း SBS ကတော့ သူတို့ရဲ့လိုင်းနဲ့ ဗီဒီယို Streaming ပလက်ဖောင်းကနေ တပိုင်းကို မိနစ် ၃၀ ကြာမြင့်မယ့်အပိုင်း ၁၀ ပိုင်းကို ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။
CGV ရဲ့အဆိုအရ သူတို့လုပ်ငန်းအနေနဲ့ အခုလိုမျိုး ကိုရီးယား ရုပ်သံ ဒရာမာ တခုကို အပြည့်ပြသတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အရင်တုန်းကတော့ သီးသန့် ရွေးထားတဲ့ အပိုင်းတချို့ကိုတော့ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ကနဦးမှာတော့ တခြားရုပ်ရှင်လုပ်ငန်းစု Megabox က ပြီးခဲ့တဲ့ လမှာ ထိုင်းရုပ်သံစီးရီး “Bad Genius: The Series” ကို ပြသခဲ့ပြီး CGV ကတော့ ပိုလန်ဒါရိုက်တာ Krzysztof Kieslowski ရိုက်ကူးထားတဲ့ “Dekalog” စီးရီး အပိုင်း ၁၀ ပိုင်းကို ပြသခဲ့ပါတယ်။
ကိုရီးယားရုပ်ရှင်ရုံ လုပ်ငန်းစုတွေအနေနဲ့ ရုပ်ရှင်ကြည့် ပရိသတ်အရေအတွက် လျော့ကျနေတဲ့ ကိစ္စနဲ့ ကပ်ရောဂါကြောင့် ပြသမယ့် ရုပ်ရှင်အသစ် ရှားပါးပြတ်လပ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်သံစီးရီးတွေကို ပြသဖို့ စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။
CGV ဟာ ပြီးခဲ့တဲ့မေလတုန်းကတော့ နိုင်ငံတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံ ၂၄ ခုမှာ အမေရိကန် အဆိုတော် Josh Groban ရဲ့ နယူးယောက်ရှိုးနဲ့ Metallica တီးဝိုင်းရဲ့ ဖျော်ဖြေပွဲတွေကို “League of Legends” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့် ပရိသတ် အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ၁၁ လတာ ကာလအတွင်း ၅၈ ဒသမ ၁ သန်းသို့ ထိုးကျသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူ ကာလမှာတော့ ပရိသတ်အရေအတွက် ၂၀၄ ဒသမ ၂ သန်း ရှိခဲ့ပါတယ်။
Ref:Yonhap
You may also like these stories:
“The Crown” စီးရီးကို စိတ်ကူးယဉ် ဖန်တီးထားကြောင်း ဖော်ပြဖို့ Netflix ငြင်းဆို
Asian Academy Creative Awards ပွဲမှာ “လိပ်ပြာ”စီးရီး အကောင်းဆုံး ဇာတ်ဝင်တေးဆု ရရှိ
YouTube ကနေ ပထမဆုံး အွန်လိုင်းဖျော်ဖြေပွဲ လုပ်မယ့် “Blackpink” အဖွဲ့